Japan

ဂျပန်နိုင်ငံတွင် ဆားငန်ရေဒဏ်ခံနိုင်သည့် စပါးမျိုးစိတ်သစ်တစ်မျိုး ဂျပန်ဇီဝဗေဒပညာရှင်များအဖွဲ့ စမ်းသပ်သုတေသနပြုခဲ့

Last Updated:

ဂျပန်နိုင်ငံအခြေစိုက် ဇီဝဗေဒပညာရှင်များသည် ဆားငန်ရေဝင်သည့် လယ်ကွင်းများတွင် စိုက်ပျိုးနိုင်သည့် မျိုးဗီဇပြုပြင်ထားသော စပါးမျိုးဗီဇအသစ်ကို စမ်းသပ်ဖန်တီးနိုင်ခဲ့ကြောင်း သိရပါသည်။

ဂျပန်နိုင်ငံ၊ အမျိုးသားစိုက်ပျိုးရေးနှင့် အစားအသောက်သုတေသနအဖွဲ့အစည်းက ဦးဆောင်သည့် အဆိုပါအဖွဲ့သည် မကြာခဏ ဒီရေလွှမ်းသော လယ်ကွင်းများတွင် စိုက်ပျိုးရန် သင့်လျော်သည့် ဆားငန်ရေဒဏ်ခံနိုင်သော စပါးမျိုးဗီဇအသစ်များကို သုတေသနပြုလုပ်ရာ အောင်မြင်မှုများ ရရှိခဲ့ပါသည်။

၂၀၅၀ ပြည့်နှစ်ခန့်တွင် တကမ္ဘာလုံးရှိ စိုက်ပျိုးနိုင်သည့် မြေဧရိယာ၏ ထက်ဝက်ခန့်သည် ဆားငန်ရေကြောင့် ပျက်စီးသွားနိုင်သည်ဟု ကြိုတင်ခန့်မှန်းချက်များအရ ပင်လယ်ကမ်းရိုးတမ်းများ ရှည်လျားစွာ ပိုင်ဆိုင်ကြသည့် ဂျပန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အလားတူ ဒီရေဝင်ရောက်မှုကြောင့် ဆားငန်ရေဖုံးလွှမ်းပျက်စီးသွားသည့် လယ်ယာစိုက်ပျိုးရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု အဆိုပါ ပညာရှင်များအဖွဲ့က ပြောကြားခဲ့ပါသည်။

အဆိုပါ စပါးမျိုးဗီဇကို အသုံးပြုပြီး လယ်ယာမြေ အမျိုးအစားများပေါ်လိုက်၍ စိုက်ပျိုးနိုင်မည့် စပါးမျိုးစိတ်သစ်များကို ထပ်မံသုတေသနပြလုပ်ရန် အလားအာလာများ ရှိမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းအကြီးအကဲဖြစ်သူ Mr. Yusaku Uga က ဆိုပါသည်။

ခြောက်သွေ့ပြီး ဆားဓာတ်များသည့် မြေအမျိုးအစားသည် အပင်များ၏ ရေသိုလှောင်မှုကို အဟန့်အတားဖြစ်စေပြီး  အပင်အတွက် လိုအပ်သည့် အောက်ဆီဂျင်ပမာဏကိုပါ လျော့ပါးစေပါသည်။

၎င်းစပါးမျိုးဗီဇကို အင်ဒိုနီးရှား စပါးမျိုးစိတ်တစ်ခုတွင် တွေ့ရှိခဲ့ရပြီး အဆိုပါ စပါးမျိုးသည်မြေမျက်နှာပြင်ပေါ်တွင်လည်း စိုက်ပျိုးနိုင်ကြောင်း သိရပါသည်။ ယခု စမ်းသပ်သုတေသန ပြုလုပ်ရရှိသည့် အင်ဒိုနီးရှားစပါးမျိုး၏ အမြစ်များသည် မြေပြင်ပေါ်တွင်လည်း ရှင်သန်ကြီးထွားနိုင်ပြီး သဘာဝရာသီဥတုဒဏ်ကို အလိုက်သင့်ခံနိုင်ရည်ရှိသည်ဟူသည့်အချက်ကို တွေ့ရှိရပါကြောင်း၊ ၎င်းအဖွဲ့အစည်းအနေဖြင့် ၂၀၁၅ ခုကတည်းက Sasanishiki  အမည်ရှိ ဂျပန်စပါးမျိုးကို  ဆားငန် ရေဝင်ရောက်သည့် နေရာများတွင် စိုက်ပျိုးနိုင်သည့် အင်ဒိုနီးရှားစပါးမျိုးနှင့် မျိုးစပ်ထားသောစပါးမျိုးအသစ်ကို  ဂျပန်နိုင်ငံမှ asanishiki  စပါးမျိုးနှင့် နှိုင်းယှဉ်၍  သုတေသနပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ပညာရှင်များက မျိုးရိုးဗီဇပြုပြင်ထားသည့် စပါးသည် ဆားငန်ရေဝင်သည့် လယ်ကွင်းများ၌ စိုက်ပျိုးရာတွင် ခံနိုင်ရည် ၁၅ % ခန့် ပိုမိုမြင့်တက်လာပါကြောင်း၊ သာမန် စပါးစိုက်ခင်းများတွင် စိုက်ပျိုးထားသည့် စပါးများနှင့် ကြီးထွားရှင်သန်မှု မကွာခြားပါကြောင်း ဆိုပါသည်။

စပါးပင်များ၏ အမြစ်များသည် အပင်အတွက် မရှိမဖြစ်လိုအပ်သည့် အစာဖြစ်သည့် ဖော့စ်ဖရပ်စ် သိုလှောင်မှုအတွက် များစွာအကျိုးပြုသည့်အတွက် ယခု စပါးမျိုးအသစ်သည် ဓာတ်မြေသြဇာများ အလွယ်တကူ မရရှိနိုင်သည့် ဆင်းရဲနွမ်းပါးသည့် တိုင်းပြည်နိုင်ငံများမှ လယ်သမားများအတွက် အသုံးပြုစိုက်ပျိုးရန်  နည်းလမ်းတစ်ခုဖြစ်ပါကြောင်း Mr. Uga က အကြံပြုခဲ့ပါသည်။

၎င်းအပြင် အခြားသီးနှံများဖြစ်ကြသည့် ပြောင်းနှင့် ပဲပုပ်တို့အတွက်လည်း အလားတူ အမြစ်၏ခံနိုင်ရည်ရှိရှိ ကြီးထွားမှုသဘောတရားကို အခြေခံကာ သဘာဝဘေးဒဏ်ခံနိုင်သည့် သီးနှံမျိုးဗီဇအသစ်များ စမ်းသပ်သုတေသနပြလုပ်သွားမည်ဖြစ်ကြောင်း ၊ ရှေ့ဆက်ဆောင်ရွက်မည့် ဂျပန်နိုင်ငံမှ မျိုးရင်းစပါးမျိုး မဟုတ်သည့် အခြားစပါးမျိုးများကို သုတေသနနှင် စမ်းသပ်မှုများ ပြုလုပ်ချက်များမှတစ်ဆင့် ဆားငန်ရေဒဏ်ခံနိုင်သည့် သီးနှံမျိုးစိတ်များကို ဖန်တီးပြီး  သဘာဝ ဘေးဒဏ်ခံစားရသည့် ကမ္ဘာတလွှားမှ လယ်သမားများကို ပံ့ပိုးသွားလိုပါကြောင်း Mr. Uga က ကတိပြုပြောကြားခဲ့ပါသည်။

 

ရင်းမြစ်။ The Mainichi News.

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan