Japan

ခရီးသွားရေးလှုံ့ဆော်အားပေးမှုအစီအစဉ်တွင် တိုကျိုကို အောက်တိုဘာလတွင်း ထည့်သွင်းမည်ဟုသိရ

Last Updated:

ဂျပန်အစိုးရက “Go To Travel” ဟူသည့် နိုင်ငံတွင်းခရီးသွားလာရေးလှုံ့ဆော်မှု အစီအစဉ် တွင် မြို့တော်တိုကျိုကို အောက်တိုဘာလ ၁ ရက်နေ့ ကစပြီး ပြန်လည်ထည့်သွင်းရန် ရှိကြောင်းသိရပါသည်။

အဆိုပါ အစီအစဉ်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စတင်ခဲ့လည်း ထိုအချိန်က မြို့တော် တိုကျိုတွင် ကိုရိုနာကပ်ရောဂါ ပြန့်ပွားမှုမြင့်တက်နေမှုကြောင့် တိုကျိုသို့ လာရောက်လည်ပတ်ခြင်းနှင့် တိုကျိုမှ ထွက်ခွာလည်ပတ် ခြင်းတို့ကို ဖယ်ထုတ်ရပ်ဆိုင်းခဲ့ပါသည်။

အဆိုပါ မူဝါဒကိုပြောင်းလဲရန် ဂျပန်အစိုးရက  ကိုရိုနာဗိုင်းရပ်စ်စီမံခန့်ခွဲရေးဆိုင်ရာ ဆပ်ကော်မတီထံ အဆိုပြုခဲ့ပြီး အကြံဉာဏ်ကို ရယူခဲ့ကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက နောက်ပိုင်းကာလတွင် တိုကျို၌ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်လျော့ကျလာနေသည့် အခြေအနေ ဖြစ်လာပါက ထိုအစီအစဉ်တွင် တိုကျိုကို ထည့်သွင်းကာ ပြန်လည်အကောင်အထည် ဖော်သင့်ကြောင်း အကြံပြုခဲ့ကြပါသည်။

ကိုရိုနာဗိုင်းရပ်စ် စီမံခန့်ခွဲရေးနှင့် စီးပွားရေးပြန်လည်အားကောင်းလာရေးဆိုင်ရာဝန်ကြီး Mr. Nishimura Yasutoshi က လတ်တလော တိုကျိုတွင် ကူးစက်မှုများ ကျဆင်းလာပါကြောင်း၊ ထို့ကြောင့် တိုကျိုကို ကန့်သတ်ထားသည့် မူဝါဒကို ပြောင်းလဲရန် အခြေခံအားဖြင့် အတည်ပြုခဲ့ပြီ ဟု ယူဆပါကြောင်း၊ ကျွမ်းကျင်သူများ၏ အကြံပေးချက်များကို အခြေခံပြီး အစိုးရအနေဖြင့် စက်တင်ဘာလနှောင်းပိုင်းအထိ ကူးစက်မှုများနှင့် ကာကွယ်တားဆီးမှု ဆောင်ရွက်ချက်များကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 “Go To Travel” ဟူသည့် ပြည်တွင်းခရီးသွားအားပေးလှုံ့ဆော်မှုအစီအစဉ်သည် ပြည်တွင်းခရီးသွားများကို ခရီးသွားလာမှုကုန်ကျစရိတ်လျော့ချပေးခြင်းနှင့် ခရီးလှည့်လည်ကြည့်ရှုစရာနေရာများနှင့် အထိမ်းအမှတ် လက်ဆောင်ပစ္စည်းဆိုင်များတွင် သုံးစွဲနိုင်သည့် ကူပွန်များကို ပံ့ပိုးပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan