India (Delhi)

ကြက်သွန်နီ ပြည်ပတင်ပို့မှုအား အိန္ဒိယအစိုးရက တားမြစ်ကန့်သတ်လိုက်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ မဟာရတ္ထပြည်နယ်၊ နာရှစ်ခရိုင်ရှိ အဓိကကုန်စည်ဒိုင်ကြီးများ၌  ကြက်သွန်နီလက္ကားဈေးနှုန်းများမှာ ရက်သတ္တနှစ်ပတ် အတွင်း နှစ်ဆမျှမြင့်တက်လာခဲ့ ပြီးနောက် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ပို့ကုန်မူဝါဒဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၃၁/၂၀၁၅-၂၀ ကို ၁၄.၉.၂၀၂၀ နေ့၌ ထုတ်ပြန် ၍ တန်ဖိုးမြှင့် ပြုပြင်ထုပ်ပိုးထားသည့် ကုန်စည်မှအပ ကြက်သွန်နီ အမျိုးအစားများအားလုံးကို ပြည်ပသို့တင်ပို့ခြင်းအား တားမြစ်ပိတ်ပင်လိုက်ပါသည်။

အိန္ဒိယနိုင်ငံရှိ ပြည်နယ်အချို့တွင် ဩဂုတ်လနှောင်းပိုင်းကာလ၌ မိုးသည်းထန်စွာရွာသွန်းလျက် ရေကြီးမှုများကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ခြင်း၊ မုတ်သုံဆုတ်ခွာ မှုနောက်ကျခြင်းကြောင့် ရိတ်သိမ်းချိန်ရာသီ၌ ပတ်ဝန်းကျင်စိုထိုင်းဆမြင့်မားခြင်းတို့က မိုးသီးနှံ ကြက်သွန်နီ စိုက်ပျိုးထွက်ရှိမှုလျော့ကျလျက် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းများမြင့်တက်မှုကို ဖြစ်ပေါ်စေဖွယ်ရာရှိနေပါသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကာနာတကာပြည်နယ်နှင့် အန္တရာပရာဒေ့ရှ်ပြည်နယ်တို့၌ မိုးဦးကာလ၌စိုက်ပျိုးသည့် ကြက်သွန်နီများမှာ ရိတ်သိမ်းချိန်ကာလတွင် ရေကြီး မှုများကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ပုံမှန်အားဖြင့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၎င်းဒေသများမှထွက်ရှိသည့် ကြက်သွန်နီများအား ပြည်တွင်း ရှိဈေးကွက်များသို့ တင်ပို့လေ့ရှိသော်လည်း ယခုနှစ်၌ သိုလှောင်ထားရှိသည့် မိုးကြက်သွန်နီများ၏ ၃၀% မှ ၄၀% အထိ ပျက်စီးခဲ့သဖြင့် ထုတ်လုပ်မှုကွင်းဆက်ကို ပျက်ယွင်းမှုဖြစ်စေခဲ့ကြောင်းဖြင့် India Times သတင်းဌာနက ဖော်ပြပါသည်။

သို့ရာတွင် မဟာရတ္ထပြည်နယ်ရှိ ကြက်သွန်နီ ကုန်သည်များကမူ အဆိုပါပြည်နယ်နှစ်ခု၌ ထုတ်လုပ်မှုလျော့ကျသော်လည်း ပြည်တွင်း၌ ဈေးကွက်လိုအပ်ချက်ကို ဖြည်ဆည်းပေးရန် လုံလောက်သည့်ပမာဏရှိကြောင်း၊ ကြက်သွန်နီ လက္ကားဈေးနှုန်းမြင့်တက်သည်ဟုဆိုရာတွင် နာရှစ်ဒေသရှိ Pimpalgaon ဈေးကွက်၌သာ မြင့် တက်ခြင်းဖြစ်ကြောင်း၊ ဒေလီမြို့တော် ဈေးကွက်၌ နာရှစ်ဒေသထွက်ကြက်သွန်နီ၏ ဈေးနှုန်းမှာ မူလဒေသ၌ ရောင်းဈေးထက်ပင် နိမ့်ကျနေသည်ကိုတွေ့ရှိရ ကြောင်းနှင့် ထိုသို့ လက္ကားဈေးနှုန်းမြင့်တက်မှုမှာ ကုန်သည်အချို့၏ သိုလှောင်ဈေးကစားမှုများကြောင့်သာဖြစ်ကြောင်းဖြင့် ပြောဆိုလျက်ရှိသည်။

ဗဟိုအစိုးရက ကြက်သွန်နီပြည်ပတင်ပို့မှုအား တားမြစ်သည့်အမိန့်ထုတ်ပြန်ခဲ့မှုအပေါ် ၁၆.၉.၂၀၂၀ နေ့တွင် မဟာရတ္ထပြည်နယ်ရှိ မြို့ကြီးများ၌ ဒေသခံကုန်သည် များက ဆန့်ကျင်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့ကြပြီး ဝန်ကြီးချုပ် Mr. Uddhav Thackeray က ၎င်းအနေဖြင့် ကြက်သွန်နီ ပြည်ပတင်ပို့မှု တားမြစ်ပိတ်ပင်ခြင်းအား ပြန်လည်ဖယ်ရှားပေးရန် ဗဟိုအစိုးရထံသို့ စာရေးသားပေးပို့တောင်းဆိုမည်ဖြစ် ကြောင်းဖြင့် ထိုနေ့တွင်ကျင်းပသည့် မဟာရတ္ထပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေး၌ ပြောဆိုပါသည်။ ပြည်ပတင်ပို့မည့် ကြက်သွန်နီ တန်ချိန် ၄ သိန်းခန့်မှာ မွန်ဘိုင်းမြို့ရှိ ဂျဝါဟာလာနေရူးဆိပ်ကမ်း၌ ဆိုင်းငံ့ထားရပြီး နီပေါနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနီးရှိ နယ်စပ်ဂိတ်များတွင်လည်း ကြက်သွန်နီကုန်တင်ကား အစီးရေ ၅၀၀ ခန့်မှာ ပိတ်မိနေသည်ဟု မဟာရတ္ထပြည်နယ် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Eknath Shinde ကပြောကြား ကြောင်း Economic Times သတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယအစိုးရ၏ ကြက်သွန်နီပြည်ပတင်ပို့မှု တားမြစ်သည့်အမိန့် ထုတ်ပြန်ပြီးခဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြက်သွန်နီဈေးနှုန်းများမှာ ၅၀% ကျော် မြင့်တက်ခဲ့ ကြောင်း၊ ဒါကာမြို့တွင် ၁၄.၉.၂၀၂၀ နေ့၌ ကြက်သွန်နီ ၁ ကီလိုလျှင် တာကာငွေ ၆၀ ခန့်ရှိရာမှ နောက်တစ်ရက်တွင် တာကာငွေ ၉၀ မှ ၁၀၀ အထိ မြင့်တက်လာ ကြောင်း Hindu Businessline သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။ အိန္ဒိယအစိုးရ၏ ပြည်တွင်း၌ ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်ချက်မှာ မလေးရှား၊ နီပေါနှင့် သီရိလင်္ကာတို့ကဲ့သို့ အိန္ဒိယမှ ကြက်သွန်နီတင်သွင်းနေရသည့် နိုင်ငံများရှိ ဈေးကွက်များသို့လည်း သက်ရောက်ဖွယ်ရာရှိနေပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Onion prices spike in Bangladesh after India bans exports, 15 Sept 2020, The Hindu Businessline

2. Traders claim higher prices of onion could be a result of manipulation, 15 Sept 2020, Economic Times

3. Onion Prices Have Risen So Much That Govt Has Banned All Exports, 15 Sept 2020, India Times

4. Maharashtra government to write to Centre for onion export ban roll-back, 16 Sept 2020, Economic Times

Category: India (Delhi)