USA

ကျဆင်းလျက်ရှိသည့် အမေရိကန် စီးပွားရေးပြန်လည်ထူထောင်လာစေရန် နိုးကြားရေး အစီအစဉ်များဆောင်ရွက်

Last Updated:

ယခုအချိန်အခါတွင် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံအများစုသို့ ပြန့်နှံ့လျက်ရှိရာ အမေရိကန်နိုင်ငံတွင် ပြည်နယ်များအားလုံးသို့ ကူးစက်ပြန့်နှံ့နေပြီဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၁၁.၃.၂၀၂၀ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုသည် ကပ်ရောဂါအဆင့် (Pandemic Level) ရောက်ရှိသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ 

အဆိုပါဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကြောင့် ခရီးသွားလာမှုကန့်သတ်မှုများ အရေးယူဆောင်ရွက်ခဲ့ရသည့်အတွက်  အမေရိကန်လေကြောင်းလိုင်းများ ခရီးစဉ်များစွာ ရပ်နားခဲ့ရသကဲ့သို့ စာသင်ကျောင်းများ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဘားများ၊ ရုပ်ရှင်ရုံများ၊ ကုန်တိုက်များ ပိတ်ရသည့်အနေအထားသို့ ရောက်ရှိလျက် ရှိပါသည်။ အကျိုးဆက်အနေဖြင့် အလုပ်လက်မဲ့နှုန်း များ မြင့်တက်လာပါသည်။

သို့ဖြစ်၍ ၁၇.၃.၂၀၂၀ ရက်နေ့က သမ္မတအိမ်တော်၌ ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတထရမ့်အစိုးရက နှစ်ပတ်အတွင်း စီးပွားရေးထိခိုက်နေသည့် အမေရိကန် ပြည်သူများထံသို့ ငွေကြေးများ (ဒေါ်လာတစ်ထောင် (သို့) ဒေါ်လာတစ်ထောင်ကျော်) အမြန်ဆုံးလက်ထဲထည့်ပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ကျဆင်းလာသည့်စီးပွားရေးကို ပြန်လည်ထူထောင် လာစေရန်အတွက် အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံကို လွှတ်တော်က အတည်ပြုပေးရန် သမ္မတထရမ့်အစိုးရက ကြိုးစားနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ အမေရိကန်လူမျိုးများအား ငွေသားများ တိုက်ရိုက်ပေးသွားမည့် အစီအစဉ်ကို လွှတ်တော်မှ စတင်အကြံပြုခဲ့ခြင်း ဖြစ်ပြီး ယင်းသည် မကြာမီဥပဒေတစ်ရပ်အဖြစ် ပြဌါန်းနိုင်ရေးအတွက် သမ္မတအိမ်တော်မှ ကြိုးပမ်းနေသည့် အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံ စီးပွားရေးနိုးကြားရေးအစီအစဉ် (Stimulus Plan)၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ယင်းအစီအစဉ်သည် သမ္မတထရမ့် အစိုးရ ၏အကြီးမားဆုံး အရေးပေါ်ငွေကြေးထောက်ပံ့မှု အစီအစဉ်များမှတစ်ခုဖြစ်လာမည်ဖြစ်ပါသည်။ သမ္မတအိမ်တော်အနေဖြင့် တိုက်ရိုက်ငွေသားထုတ်ချေးပေးမှုအပြင် စီးပွားရေး လုပ်ငန်းများ၊ လေကြောင်းလိုင်းများအတွက် အကူအညီနှင့် အခြားသော စီမံဆောင်ရွက်မှုများ ကို အထောက်အကူပေးနိုင်သည့် ဥပဒေပြုရေး ဖြစ်လို ကြောင်းဆိုပါသည်။

စီးပွားရေးနိုးကြားရေး အစီအစဉ်မှ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံ၊ လေကြောင်းလိုင်းအာမခံအတွက် အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံနှင့် အောက်လွှတ်တော်မှ အတည်ပြုပေးထားသည့် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံတို့အား သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ဒေါ်လာ ၁၀၀ ဘီလီယံကို လစာနှင့် နာမကျန်းခွင့်၊ အလုပ်လက်မဲ့ အာမခံနှင့် ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် ထိခိုက်ခဲ့သည့် အလုပ်သမားများအတွက် အကျိုးခံစားခွင့်များအတွက် သုံးစွဲသွားမည်ဖြစ်ပါသည်။

ထို့နောက် ဗိုင်းရပ်စ်ပြန့်နှံ့မှု ပိုမိုဆိုးဝါးလာနေသည့်အတွက် တတိယအကြိမ် နိုးကြားရေး အစီအစဉ်အဖြစ် စီးပွားရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော် ထုတ်ချေးပေးရန် ကြိုးစားပြင်ဆင်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး စတီဗင်အမ်နူချင်က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းကြေညာခဲ့ ပါသည်။

စီးပွားရေး တည်ငြိမ်လာစေရန် သမ္မတအိမ်တော်မှ အခွန်ထမ်းများကို နောက်လတွင် ၎င်းတို့ပေးဆောင်ရမည့် အခွန်ငွေများကို နောက်ထပ် ရက်ပေါင်း ၉၀ အကြာထိ ပေးဆောင်ရန် နောက်ဆုတ်ပေးခဲ့သလို ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့မှ ကုမ္ပဏီများကို လွယ်လင့်တကူ ငွေချေးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရပါသည်။ သမ္မတထရမ့် အဆိုပြုခဲ့သည့် ဝင်ငွေခွန်လျှော့ချမည့်အစီအစဉ် အကောင်အထည်ဖော်နိုင်ရန် လပေါင်းများစွာကြာနိုင်သည့်အတွက် လျှင်လျှင် မြန်မြန် အကောင် အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် သမ္မတထရမ့်က ပြောကြားခဲ့ပါသည်။

ဗဟိုဘဏ်နှင့် သမ္မတအိမ်တော်တို့မှ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းနေခြင်းကို ပြန်လည်ကုစားရန် နိုးကြားရေးအစီစဉ်ကို ကြေညာလိုက်ပြီးနောက် အလွန် အမင်းကျဆင်းနေသည့် အမေရိကန်၏ စတော့ရှယ်ယာဈေးများလည်း ပြန်လည်မြင့်တက်လာခဲ့ပါသည်။ မတ်လ ၁၇ ရက်၊ နေ့လယ်ပိုင်းတွင် S&P 500 က ၆ ရာခိုင် နှုန်း၊ Nasdaq Composite က ၆.၂ ရာခိုင်နှုန်း နှင့် Dow Jones Industrial Average က ၅.၂ ရာခိုင်နှုန်း အသီးသီး ပြန်လည်မြင့်တက်လာခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊  အမေရိကန်ပြည်ထောင်စု)

https://www.washingtonpost.com/business/2020/03/17/checks-virus/

https://www.washingtonpost.com/us-policy/2020/03/17/trump-coronavirus-stimulus-package/

https://www.wsj.com/articles/u-s-futures-rise-as-asia-markets-gyrate-11584413763

Category: USA