China(Nanning)

ကူးစက်ရောဂါကြောင့် ဆိုးကျိုးသက်ရောက်မှုများအား လျော့ပါးသက်သာစေရန် ဗဟိုဘဏ် များ ဆောင်ရွက်လျက်ရှိ

Last Updated:

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာကူးစက်ရောဂါပိုးကြောင့် ဖြစ်ပွားနေသော ကပ်ရောဂါ အား ကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက် ရှိစဉ်တွင် ဈေးကွက်အပေါ် စိုးရိမ်ထိတ်လန့်နေမှုများအား လျော့နည်းစေရန် ဗဟိုဘဏ်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ကြရာတွင် သမားရိုးကျ ငွေကြေး ဆိုင်ရာမူဝါဒအစီအမံများကို အသုံးချနေသည့် ဗဟိုဘဏ်များရှိသကဲ့သို့ အချို့ကလည်း အကျပ်အတည်းကို တန်ပြန်သည့် အစီအမံများကို အလောတကြီး ဆောင်ရွက်နေကြ သည်ကို တွေ့ရပါသည်။

အမေရိကန်၏ US Federal Reserveက တနင်္လာနေ့နံနက် နိုင်ငံတကာငွေကြေး ဈေးကွက်မစတင်မီ မတ်လ (၁၅)ရက်နေ့တွင် ၎င်းနိုင်ငံ၏ စီးပွားရေးကို ကာကွယ် ရန်အတွက် ဖယ်ဒရယ်ရန်ပုံငွေအတွက် အတိုးနှုန်းကို ၀-.၂၅ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ပြီး၊ လုပ်ငန်းများလုပ်သာကိုင်သာရှိစေရန် အမေရိကန်ဒေါ်လာ (၇၀၀)ဘီလီယံတန်ဖိုးရှိ အစီအမံများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ကြောင့်  ယခင်ရက်သတ္တပတ်က အစုရှယ်ယာဈေးများကျဆင်းမည်ကို  စိုးရိမ်ထိတ်လန့်နေခဲ့ သော ရင်းနှီးမြှုပ်နှံသူများကို သက်သာရာရစေခဲ့သည်ကိုတွေ့ရပါသည်။ ထိုကဲ့သို့ အတိုးနှုန်းထပ်မံလျှော့ချမှုကို ပထမ အကြိမ် (.)ရာခိုင်နှုန်းလျှော့ချအပြီး (၁၂)ရက်အကြာတွင်  အရေးပေါ်ထပ်မံလျှော့ချခဲ့ခြင်းဖြစ်ပါသည်။ ယခုနှုန်းထားမှာ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်ရိုက်မှု ဖြစ်ပွားစဉ်ကာလ အတွင်း လျှော့ချခဲ့သည့် နှုန်းထားဖြင့် တူညီနေပြီး၊ ထိုအချိန်က ၎င်းအတိုးနှုန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ ထားရှိခဲ့သည်ကိုတွေ့ရပါသည်။ ၎င်း၏ဘဏ္ဍာရေး တည်ငြိမ်မှုကို ဆက်လက်ထိန်းထားရန် အနည်းဆုံး အမေရိကန်ဒေါ်လာ (၇၀၀)ဘီလီယံဖြင့် ငွေချေး စာချုပ်ကိုင်ဆောင်မှုများကို မြှင့်တင်သွားမည်ဟုလည်း ကတိကဝတ်ပြု ထားပါသည်။ အမေရိကန်တွင် ကိုရိုနာကူးစက်ရောဂါကြောင့် လက်လီအရောင်းဆိုင်များ၊ စီးပွားရေး လုပ်ငန်းများနှင့် စက်ရုံများကို ပိတ်ထားရပြီးဖြစ်နေသောကြောင့် အစိုးရမှ ဆောင်ရွက်ပေးမှု မရှိပါက အလုပ်လက်မဲ့ဖြစ်မှုနှုန်း (၂၀)ရာခိုင်နှုန်းထိ ရှိနိုင်ကြောင်း Treasury Secretary Mr. Steven Mnuchinက သုံးသပ်ထားပါသည်။ လတ်တလောတွင် အမေရိကန်က ကနေဒါနှင့် နယ်စပ်အား ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်မှုမှအပ ပိတ် ထားပါသည်။

ဉရောပဗဟိုဘဏ်ကလည်း မတ်လ (၁၈) ရက်နေ့တွင်  ကပ်ရောဂါကြောင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို တုန့်ပြန်သည့် အရေးပေါ်အခြေအနေအဖြစ် ပိုင်ဆိုင်မှုများကို ဝယ်ယူသည့် ယူရိုငွေ (၇၅၀)ဘီလီယံတန်ဖိုးရှိ အစီအမံတစ်ရပ်ကို ပြုလုပ်ခဲ့ ပါသည်။ ၎င်းအစီအမံဖြင့် အစိုးရကြွေးမြီများနှင့် ပုဂ္ဂလိက အစုရှယ်ယာ များကို ဝယ်ယူသွားမည် ဖြစ်သည်ဟုသိရပါသည်။ ဉရောပဗဟိုဘဏ်သည် ၎င်း၏ (၀) ရာခိုင်နှုန်းတွင် ထားရှိထားသည့် လက်ရှိအတိုးနှုန်းကိုသာ ဆက်လက် ထိန်းထားမည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကြေငြာခဲ့ပြီး၊ အသေးစားနှင့် အလတ်စားကုမ္ပဏီများသို့ ဘဏ်ချေးငွေပံ့ပိုးပေးမည့် အစီအမံကိုလည်း ကြေငြာခဲ့ ပါသည်။  

အမေရိကန်မှ လျှော့ချမှုများပြုလုပ်ပြီးနောက် မတ်လ (၁၆)ရက်နေ့တွင် ဟောင်ကောင်နှင့် မကာအိုတို့က ၎င်း၏အခြေပြုနှုန်းထားအား (၆၄)ပွိုင့် လျှော့ချကာ (၀.၈၆) ရာခိုင်နှုန်းသို့လျှော့ချခဲ့သည်ကို တွေ့ရပါသည်။

တရုတ်ဗဟိုဘဏ်က မတ်လ (၁၆)ရက်နေ့တွင် ၎င်း၏အတိုးနှုန်းကို လျှော့ချခြင်း မပြုဘဲ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများသို့ အတိုးနှုန်း (၃.၁၅)ရာခိုင်နှုန်းဖြင့် ကာလ လတ် တစ်နှစ်ချေးငွေအဖြစ် တရုတ်ယွမ်ငွေ ဘီလီယံ(၁၀၀) (အမေရိကန်ဒေါ်လာ ၁၄.၃ ဘီလီယံ) ထည့်ပေးခဲ့ပါသည်။ ၎င်းနေ့တွင်ပင် အချို့စီးပွားရေးဘဏ်အချို့၏ ထားရှိရမည့်အရန်ငွေ အချိုးပမာဏကို လျှော့ချပေးခြင်းဖြင့် ယွမ်ငွေ (၅၅၀) ဘီလီယံ ထပ်မံထည့်ပေးခဲ့ပြန်ပါ သည်။  ထို့ပြင်(၅)နှစ်ချေးငွေအတွက် အတိုးနှုန်းကို (၄.၇၅) ရာခိုင်နှုန်းတွက် ဆက်လက်ထား ရှိလျက်၊ ဖေဖော်ဝါရီလအတွင်း ပြင်ဆင်ပေးခဲ့သော ငွေချေးသူများထံသို့ ထုတ်ချေး ထားသော တစ်နှစ်ချေးငွေအပေါ် ကောက်ခံသည့်အတိုးနှုန်းကို (၄.၀၅) ရာခိုင်နှုန်းတွင်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်းကိုလည်း မတ်လ (၂၀)ရက်နေ့တွင် ထပ်မံကြေငြာ ခဲ့ပါသည်။ ယခု အချိန်တွင် ဘဏ်များအနေဖြင့် ငွေချေးထားသူများ၏ လုပ်ငန်း မလည်ပတ် နိုင်မှုများကြောင့် အတိုးနှင့် ပြန်လည်ပေးဆပ်မည့်ငွေများကို ကောက်ခံရန် အခက်အခဲ များရှိနေသောကြောင့်  တရုတ်ဗဟိုဘဏ်က ၎င်း၏ အတိုးနှုန်းကို များမကြာမီ လျှော့ချ ပေးရန်မျှော်လင့်လျက်ရှိကြသောကြောင့် ချေးငွေအတိုးနှုန်းလျှော့ချရေး အတွက် ဆက်လက်ဆောင်ရွက်သွားဖွယ်ရှိပါသည်။

တရုတ်ဗဟိုအစိုးရ၏ အတိုးနှုန်းလျှော့ချခြင်း၊ အရန်ငွေသိုလှောင်ထားရှိရန် လိုအပ်သည့် အချိုးကို လျှော့ချပေးခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ငွေချေးနိုင်သည့် အခြေအနေများကို ပိုမိုလွယ်ကူစေရန် ကူညီပေးခြင်း၊ အခွန်အခ သက်သာကင်းလွတ်ခွင့် ပေးခြင်းနှင့် အခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံပေးခြင်း စသည်တို့ ပါဝင်သည့် ဘဏ္ဍာရေးဆိုင်ရာစီမံဆောင်ရွက်မှုများမှာ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများအား ကူညီပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း Asia Economics for Oxford Economics မှ အကြီးအကဲဖြစ်သူ Mr. Luuis Kuijs က မှတ်ချက် ပြုထားပါသည်။

ဤကဲ့သို့ ကမ္ဘာတဝှမ်းမှ ဗဟိုဘဏ်များက ဆောင်ရွက်ပေးနေသော်လည်း  မမျှော်လင့်ထားသော တစ်ပြိုက်နက်တည်းဖြစ်ပေါ်လာသော ကုန်စည် ဝယ်လိုအားများနှင့် ရောင်းလိုအားများက ကမ္ဘာ့ဈေးကွက်အား ပိုမိုဆိုးရွားသည့် ကသောင်းကနင်းဖြစ်မှုများ ဆီသို့ တွန်းပို့နေသကဲ့သို့ဖြစ်နေပါသည်။ ကပ်ရောဂါပျံ့နှံ့ဖြစ်ပွားမှုအား မူလစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၌ အစိုးရက ကိုင်တွယ်သကဲ့သို့ လိုက်လံကိုင်တွယ်ကြသော်လည်း  ပိုမိုထိရောက်သော သီးခြားထားရှိကုသမှုများလေလေ၊ စီးပွားရေးအရ အကုန်အကျ များ လေလေဖြစ်နေကြပါသည်။

အလွန်စိုးရိမ်ပူပန်မှုများ များပြားနေသည့် ဈေးကွက်များအတွင်း အစိုးရများမှ ထောက်ပံ့ပေးနေမှုများအားလုံးကြောင့်  လုပ်ရိုးလုပ်စဉ်များအရ အနေအထားတစ်ရပ်သို့ ပြန်လည်ရောက်ရှိလာနိုင်သောလည်း ၊ ရေရှည်စီးပွားရေးရှုမျှော်မှုဖြင့်ကြည့်ပါက မှန်းဆနိုင်ခြင်းမရှိကြောင်း BOCOM International Holdings Co., မှ Mr. Hong Haoက မှတ်ချက်ပြုထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၇-၃-၂၀၂၀)

Category: China(Nanning)