Korea

ကုမ္ပဏီအများစုသည် တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုကို စွန့်ခွာ၍ အရှေ့တောင် အာရှဒေသဘက်သို့ ပိုမိုအာရုံစိုက်လာ

Last Updated:

ကုမ္ပဏီအများစုသည် တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုကို စွန့်ခွာ၍ အရှေ့တောင် အာရှဒေသ ဘက်သို့ ပိုမိုအာရုံစိုက်လာ

အမေရိကန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ရှည်ကြာသော ကုန်သွယ်ရေးစစ်ပွဲ အခြေအနေများကို အခြေခံ၍ ကြီးမြင့်လာသော ကုန်ထုတ်လုပ်မှုစရိတ်များတို့ကြောင့် တရုတ်နိုင်ငံ၌ စက်ရုံများတည်ထောင်ထားကြသည့် တောင်ကိုရီးယားနိုင်ငံအပါအဝင် အခြားသောနိုင်ငံများမှ ကုမ္ပဏီများသည် ၎င်းတို့၏ စက်ရုံများ၊ ရင်းနှီးမြှုပ်နှံများကို တရုတ်နိုင်ငံမှ ရုတ်သိမ်း၍ အရှေ့တောင်အာရှဒေသရှိ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံဒေသများသို့ ရွှေ့ပြောင်းလျက်ရှိကြပါသည်။

          အဖွဲ့ဝင် (၁၀) နိုင်ငံဖြင့် ဖွဲ့စည်းထားသော အာဆီယံဒေသသည် ငယ်ရွယ်၍ တက်ကြွသော လုပ်သားအင်အားများစွာရှိပြီး လုပ်ခလစာ သက်သာသည့်အတွက် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစျေးကွက်အား အစားထိုးရန် အကောင်းဆုံးဒေသကြီးဖြစ်သည်ဟု နိုင်ငံအများစုက လက်ခံလျက်ရှိကြပါသည်။ တရုတ်နိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက် လျက်ရှိသော ဂျာမန်ကုမ္ပဏီ ၅၂၆ ခုကို စစ်တမ်းကောက်ယူချက်အရ ၂၃ % သော ကုမ္ပဏီများသည် ၎င်းတို့၏ စက်ရုံများကို တရုတ်နိုင်ငံမှ ရုတ်သိမ်းရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း၊ ယင်းတို့အနက်မှ ကုမ္ပဏီ ၁၀၄ ခုသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကိုပါ အပြီးတိုင်ရုတ်သိမ်းရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း၊ ဂျာမန်ကုမ္ပဏီအများစုသည် အမေရိကန်နှင့် တရုတ်တို့ အကြား ကုန်သွယ်ရေးဆိုင်ရာ မပြေလည်မှုများကြောင့် အလုပ်သမားခနှင့် ကုန်ထုတ်လုပ်မှုစရိတ်များ တိုးမြှင့်လာခြင်းအပေါ် မကျေနပ်ကြကြောင်း ဂျာမန်ကုန်သည်ကြီးများအသင်းထံမှ သိရှိရပါသည်။

          တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကုမ္ပဏီကြီးများဖြစ်သော Samsung Electronics၊ Hyundai Motors၊ Kia Motors တို့အပါအဝင် တောင်ကိုရီးယားကုမ္ပဏီများသည် ၎င်းတို့၏ စက်ရုံတစ်ခုလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းအား တရုတ်ပြည်၏ ပြင်ပတွင်အခြေချရန်နှင့် တရုတ်ပြည်မကြီးအပေါ်မှီခိုရမှုကို လျှော့ချရန် ဆန္ဒပြင်းပြလျက်ရှိကြကြောင်း၊ မပြီးပြတ်နိုင်သည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးအငြင်းပွားမှုသည် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်လျက်ရှိကြောင်း၊ အကယ်၍ အဓိက ကုန်ထုတ်လုပ်သည့် ကုမ္ပဏီကြီးများမှ တရုတ်နိုင်ငံကို စွန့်ခွာသွားပါက ကုန်ပစ္စည်း Suppliers များတွင်လည်း ထိခိုက်မှုရှိနိုင်ကြောင်း Ewha Womans University Professor Choi Byung-il က ပြောကြားခဲ့ပါသည်။ စမတ်ဖုန်းရောင်းအားကျဆင်းလာခြင်းကြောင့် Samsung သည် ယင်း၏အဓိကစက်ရုံအသစ်ကို တိယန်ကျင်းမြို့တွင် ထားရှိရန် ၂၀၁၈ ခုနှစ်၊ ရွေးချယ်ခဲ့ပြီးသည့်နောက် တရုတ်နိုင်ငံရှိ ယင်း၏နောက်ဆုံးစက်ရုံဖြစ်သော Huizhou Plant ကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ပိတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

          ထိုပြင် Hyundai သည် ၎င်း၏ ပေကျင်းမြို့ရှိ စက်ရုံအား ကုန်ထုတ်လုပ်မှုကို ၂၀၁၉ ခုနှစ်၊ မေလမှစ၍ ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ ၎င်း၏မိတ်ဖက်ဖြစ်သူ KIA မှလည်း Jiansu ပြည်နယ်၌ မော်တော်ယဉ်ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ကြောင်း၊ LG Electronics အနေဖြင့် တောင်ကိုရီးယားမှ အမေရိကန်သို့ တင်ပို့မည့် ရေခဲသတ္တာများအား တရုတ်နိုင်ငံ ၊ Zhejiang ပြည်နယ်၌ ထုတ်လုပ်နေခြင်းကို အပြီးတိုင်ရွှေ့ပြောင်းခဲ့ကြောင်း၊ တောင်ကိုရီးယား၏ အဓိက Supermarket Chain Operator ဖြစ်သော  Lotte Mart ၊ Emart  တို့သည်လည်း အရှုံးပေါ်လာသည့်နှစ်များ ဆက်တိုက်ဖြစ်ပေါ်လာသည့်အတွက် တရုတ်နိုင်ငံကို စွန့်ခွာကြပြီးဖြစ်ကြောင်း သိရှိရပါသည်။

      အခြားသော ဂျာမနီနှင့်ဂျပန်နိုင်ငံတို့မှ ထိပ်တန်းကုန်ထုတ်လုပ်မှု စက်ရုံများလည်း တရုတ်နိုင်ငံကို စွန့်ခွာနိုင်ရန် နယ်မြေသစ်ရှာဖွေလျက်ရှိကြကြောင်း၊ အချို့သော ကုမ္ပဏီများအနေဖြင့် ကုန်ကျစရိတ်သက်သာလာသော ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံများသို့ ၎င်းတို့၏ လုပ်ငန်းများအား အခြေချချဲ့ထွင်ကြပြီးဖြစ်ကြောင်း၊  Samsung သည် ယင်း၏ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သည့်စက်ရုံအား နယူးဒေလီမြို့တွင် ၂၀၁၈ ခုနှစ် ဖွင့်လှစ်ခဲ့ကြောင်း၊ Hyundai သည် ၎င်း၏ အရှေ့တောင်အာရှတွင် ပထမဆုံးကားစက်ရုံအား အင်ဒိုနီးရှားနိုင်ငံ၌ တည်ဆောက်နိုင်ရေးအတွက် ပဏာမသဘောတူညီချက်အား နိုဝင်ဘာလအတွင်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှ ကုမ္ပဏီများသာမဟုတ်ဘဲ အမေရိကန်နည်းပညာကုမ္ပဏီများ၊ ဂျာမန်နှင့်ဂျပန်ကုမ္ပဏီများသည်လည်း တရုတ်နိုင်ငံကိုစွန့်ခွာရန် ဆောင်ရွက်လျက်ရှိကြကြောင်း၊ လုပ်အားခ ကုန်ထုတ်လုပ်မှုစရိတ်မြင့်မားလားခြင်း နှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲတို့၏ ရိုက်ခတ်မှုဒဏ်များအပြင်၊ ကုမ္ပဏီများအနေဖြင့် လုံခြုံရေးဆိုင်ရာပစ္စည်းများအား တရုတ်နိုင်ငံ၌ ထုတ်လုပ်ရခြင်းအပေါ်တွင် လုံခြုံမှုမရှိ ဟု စိုးရိမ်မှုများခံစားလာရကြောင်းရေးသားဖော်ပြထားပါသည်။

          လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံမှကုမ္ပဏီများအပါအဝင် အမေရိကန်၊ ဂျာမန်၊ ဂျပန်အစရှိသည့် ကုမ္ပဏီများသည် တရုတ်နိုင်ငံရှိကုန်ထုတ်လုပ်မှုစက်ရုံများအား ရွှေ့ပြောင်းရန် စိတ်အားထက်သန်လျက်ရှိကြပြီး၊  ကုန်ကျစရိတ်သက်သာသည့် အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံ၍ စက်ရုံများရွှေ့ပြောင်းတည်ထောင်ရန် စိတ်ဝင်စားလျက်ရှိကြပါသည်။ ထိုပြင်တောင်ကိုရီယားနိုင်ငံအနေဖြင့် သမ္မတမွန်ဂျေအင်း၏ တောင်ပိုင်ဆိုင်ရာမူဝါဒကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်လျက်ရှိရာ အရှေ့တောင်အာရှနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အထူးစိတ်အား ထက်သန်လျက်ရှိပါသည်။ ထိုကြောင့် အာဆီယံ- ကိုရီးယား ဆွေးနွေးဖက် နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတို့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အတွင် တောင်ကိုရီးယားနိုင်ငံ ၊ ဘူဆန်မြို့၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခုအချိန်သည် တောင်ကိုရီးယားနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများမှ တရုတ်နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများကို စွန့်ခွာ၍ ကုန်ကျစရိတ် ပိုမိုသက်သာမည့် အရှေ့တောင်အာရှနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြှင့်တက်နေသည့် အချိန်ဖြစ်သည့် အားလျော်စွာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံအတွင်း ပိုမိုရောက်ရှိနိုင်စေရေးအတွက် မိမိနိုင်ငံ၌ ပြည်ပ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရာတွင်  ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များအား အခြားအာဆီယံနိုင်ငံများထက် ပိုမိုလွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် မိမိနိုင်ငံ၏ Ease of Doing Business Ranking  တိုးတက်ရေးကို ပိုမိုအလေးပေးဆောင်ရွက်သင့်သည့်  အချိန်အခါဖြစ်ပါကြောင်း သုံးသပ်တင်ပြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)

Category: Korea