Korea

ကိုရီးယားသမ္မတနိုင်ငံတွင် Novel Coronavirus ပျံ့နှံ့မှုကြောင့် စီးပွားရေးအပေါ်ရိုက်ခတ်မှု အခြေအနေနှင့် အရေးပေါ်စီးပွားရေးမူဝါဒများချမှတ်ရန် သမ္မတမွန်ဂျေအင်းမှ အစိုးရအဖွဲ့အားအမိန့်ထုတ်ပြန်ခဲ့မှု

Last Updated:

ကိုရီးယားသမ္မတနိုင်ငံတွင်Novel Coronavirus (COVID-19) ပျံ့နှံ့မှုကြောင့် စီးပွားရေးကဏ္ဍကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အရေးပေါ် ရန်ပုံငွေရှာဖွေခြင်း အပါအဝင် နိုင်ငံ၏စီးပွားရေးကိုကယ်တင်နိုင်မည့် အရေးပေါ် စီမံဆောင်ရွက်မှုများကို ချမှတ် ဆောင်ရွက်ရန် သမ္မတမွန်ဂျေအင်းမှ ၎င်း၏ အစိုးရအဖွဲ့အား ၁၈-၂-၂၀၂၀ ရက်နေ့တွင် အမိန့်ပေးခဲ့ကြောင်းသိရှိရပါသည်။  Korea Centers for Disease Control and Prevention (KCDC)၏ ၂၁-၂-၂၀၂၀ ရက်နေ့ နံနက်ပိုင်းအထိ စာရင်းများအရ COVID-19 ကူးစက်ခံရကြောင်းအတည်ပြုထားပြီးသူ (၁၅၆) ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၆) ဦးနှင့် သေဆုံးသူ(၁)ဦး ရှိကြောင်း သိရှိရပါသည်။

လက်ရှိအခြေအနေသည် မိမိတို့မျှော်လင့်ထားသည်ထက်ပိုမိုဆိုးရွားလာသဖြင့် အစိုးရမှအရေးပေါ် စီးပွားရေးရာအခြေအနေများကိုဖြေရှင်းနိုင်ရန် လိုအပ်မည့် မူဝါဒများကို သေချာစွာစဉ်းစားချင့်ချိန်သုံးသပ်၍ ချမှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ COVID-19 ကြောင့် မိမိတို့ နိုင်ငံ၏ ပို့ကုန်များနှင့်စားသုံးသူ ဝယ်လိုအား တို့ကို ထိခိုက်မှုရှိကြောင်း၊ အထူးသဖြင့် အဆိုပါရောဂါပိုးကို လူဦးရေ ၇၀၀၀၀ ကျော်ကူးစက်ခံထားရပြီးဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်နွယ်နေသည့် Supply Chains နှင့်ထုတ်လုပ်မှုလုပ်ငန်းများ ရုတ်ခြည်းဆုတ်ယုတ်သွားမှု အပေါ်အထူးစိုးရိမ်မိကြောင်း၊ အကယ်၍ တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ပိုမိုဆိုးရွားလာပါက ကိုရီးယားသမ္မတနိုင်ငံသည်လည်း အခက်ကြုံရမှာဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးဗဟို ဌာန၏ စာရင်းများအရ တရုတ်နိုင်ငံသို့တင်ပို့နေသည့် တောင်ကိုရီးယားနိုင်ငံ၏ပို့ကုန်များအနက် လေးပုံတစ်ပုံသည် သိသာစွာကျဆင်းလျက်ရှိကြောင်း သမ္မတမွန်ဂျေအင်းမှ အစိုးရအဖွဲ့ အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဤ COVID-19 သည် SARS၊ MARS စသည့်ရောဂါများထက်ပိုမိုပြင်းထန်၍ သက်တမ်း ပိုမိုကြာမြင့်နိုင်ကြောင်း၊ ခရီးသွားလာမှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍနှင့် အခြားသောဝန်ဆောင်မှုကုန်သွယ်ရေး ကဏ္ဍများအပေါ် ဆိုးကျိုးသက်ရောက်မှု သည် စားသုံးမှုနှင့် ပြည်တွင်းဝယ်လိုအားကိုသိသာစွာကျဆင်းစေသဖြင့် ကုမ္ပဏီများနှင့်ကိုယ်ပိုင်လုပ်ငန်းဆောင်ရွက်သူ များအနေဖြင့်ပိုမိုပူပန်လာကြသည်ဖြစ်ရာ မိမိတို့နိုင်ငံ၏အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးရာ မတည် ငြိမ်မှုပြဿနာများကို ထိခိုက်မှုအနည်းဆုံးဖြင့်ဖြေရှင်းပေးနိုင်ရေးအတွက် ခိုင်မာသောအထောက်အပံ့အစီအမံများကို ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း၊ ယင်းကုမ္ပဏီများအတွက် အထူးဘဏ္ဍာရေးအထောက်အပံ့များ၊ ငှားရမ်းခများနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ စိုးရိမ်ပူပန်မှုတို့ကို လျော့ချပေးနိုင်မည့်အစီအမံများကို ကြိုတင်ပြင်ဆင်ထားကြရန်၊ ထို့ပြင် ကော်ပိုရိတ်ရင်းနှီးမြှုပ်နှံမှုများကိုတိုးမြင့်စေရေး မက်လုံးများတိုးမြှင့်ပေးရန်နှင့် စည်းမျဉ်းဆိုင်ရာ အကြီးစားပြုပြင်ပြောင်းလဲမှု အစီ အမံများကို ချမှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း သမ္မတမွန်ဂျေအင်းမှ အစိုးရအဖွဲ့အား အရေးပေါ်ပြောကြားခဲ့ပါသည်။

အဆိုပါ အစိုးရအဖွဲ့အစည်းအဝေးတွင် Coronavirus စစ်ဆေးရေးနှင့် ကာကွယ်တိုက် ဖျက်ရေးလုပ်ငန်းများအတွက်ကိုရီးယားဝမ်ငွေ ၁၀၄.၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၈၇.၉သန်း) ကို အရေးပေါ်ရန်ပုံငွေအဖြစ် အတည်ပြုခွင့်ပြုပေးခဲ့ပြီး၊ ပို့ကုန် ကဏ္ဍအတွက် အထောက်အပံ့ပေးနိုင်မည့် အစီအမံများကို ယခုလနှောင်းပိုင်းတွင် အစိုးရမှကြေငြာသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ သမ္မတမွန်ဂျေအင်းသည် ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ စိုးရိမ် ကြောင့်ကြမှုများကို လျှော့ချနိုင်ရန် လူထုနှင့်ဆက်သွယ်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ ဖေဖော်ဝါရီလဒုတိယပတ်အတွင်းတွင် နိုင်ငံ၏ အဓိကလုပ်ငန်းကြီး ၆ ခုမှ ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့ကာ အစိုးရသည် ပြည်သူ့ရှေ့ တွင် မားမားမတ်မတ်ရပ် တည်လျက်ရှိကြောင်း သိရှိစေခဲ့ပါသည်။ ထို့ပြင် အလွန်အမင်းကြောက်ရွံ့စိုးထိတ်ခြင်းသည် စီးပွားရေးအတွက်ပိုမိုခက်ခဲစေနိုင်သဖြင့်အစိုးရ၏ဆောင်ရွက်မှုများအားယုံကြည်စွာဖြင့် လုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်စတင် လုပ်ဆောင်ကြရန် တိုက်တွန်းပြောဆိုခဲ့ပါသည်။

လက်ရှိ ဗိုင်းရပ်စ်ပျံနှံ့မှုအနေအထားအရ အစိုးရ၏မူဝါဒချမှတ်မှုများထက်မည်ကဲ့သို့ ကာကွယ်ဆောင်ရွက်ရမည်ကို လူတစ်ဦးတစ်ယောက်ချင်းစီမှ သိရှိလိုက်နာနိုင်ရေးပြည်သူလူထုသို့ အသိပညာဖြန့်ဝေနိုင်မှု (Public Awareness)သည် လွန်စွာအရေးကြီး သည့် အချိန်ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာအသိုက်အဝန်းမှ ပုဂ္ဂိုလ်များက သတင်းမီဒီယာများတွင် ပြောကြားမှုကိုလည်း သိရှိရပါသည်။

ဆိုးလ်မြို့ရှိ လူစည်ကားသော နမ်ဒေမွန်ရိုးရာစျေးသို့ သမ္မတမွန်ဂျေအင်းသည် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းတွင်လည်းကောင်း၊ ‌သမ္မတကတော် Mrs. Kim Jung-sook သည် ၁၈-၂-၂၀၂၀ ရက်နေ့တွင်လည်းကောင်း သွားရောက်စစ်ဆေးကြည့်ရှု၍ ပြည်သူများနှင့်ထိတွေ့ ဆက်ဆံအားပေးခဲ့မှုများပြုလုပ်ခဲ့ပါသည်။

သို့ပါ၍ ကိုရီးယားသမ္မတနိုင်ငံ၌ Novel Coronavirus ပျံ့နှံမှုကြောင့် နိုင်ငံ၏စီးပွားရေး အပေါ်ရိုက်ခတ်မှုအခြေအနေနှင့် အရေးပေါ်စီးပွားရေးမူဝါဒများ ချမှတ်ဆောင်ရွက်ရန် သမ္မတမွန်ဂျေအင်းက အစိုးရအဖွဲ့သို့ ညွှန်ကြားထားမှုအခြေအနေတို့ကို သိရှိရပါသည်။

 

 

မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ

Category: Korea