Korea

ကိုရီးယားနိုင်ငံ၏ Novel Coronavirus (COVID-19) ရောဂါပျံ့နှံမှုအခြေအနေ၊ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဖြေရှင်းဆောင်ရွက်နေမှုများ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံတွင် ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှစ၍ Novel Coronavirus (COVID-19) ၏ ပြန့်ပွားမှုနှုန်းသည် မမျှော်လင့်ဘဲ ရုတ်တရက်တိုးမြင့်လာခဲ့ကာ၊ အဆိုပါဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြီးလျှင် ဒုတိယအများဆုံး နိုင်ငံအဖြစ်သို့ရောက်ရှိခဲ့ပြီး၊ ပြည်သူလူထု၏စိုးရိမ်မှုသည်လည်း မြင့်တက် လျက်ရှိကာတိုင်းပြည်၏ ကုန်သွယ်မှုစီးပွားရေးကို ထိခိုက်မှုရှိလာနိုင်ပါသည်။ ကိုရီးယား သမ္မတနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်နေ့ ၁၈:၀၀ နာရီအချိန်အထိ ထုတ်ပြန် ထားသောစာရင်းများအရ ရောဂါကူးစက်ခံရကြောင်းအတည်ပြုပြီးသူ (၆,၅၉၃) ဦး၊ စစ်ဆေးဆဲ (၂၁,၈၃၂) ဦး၊ သံသယရှိသူ (၁၅၈,၄၅၆) ဦး၊ စစ်ဆေးပြီး၍ ပိုးမတွေ့ရှိသူ (၁၃၆,၆၂၄) ဦး၊ သေဆုံးသူ (၄၃)ဦးနှင့် ရောဂါပျောက်ကင်းသူ (၁၀၈)ဦး ဖြစ်ကြောင်းသိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံသည် ဆေးပညာတွင် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် ခေတ်မီသော ဓါတ်ခွဲခန်း၊ ကျန်းမာရေး စစ်ဆေးမှု နည်းစနစ် များနှင့် ပြည့်စုံသည်ဖြစ်ရာ ရောဂါ ပိုးရှိ/မရှိကို တစ်ရက်လျှင် လူဦးရေ (၁၅၀,၀၀) အထိ ဓါတ်ခွဲစစ်ဆေးနိုင်ကြောင်း၊ အခြားသောနိုင်ငံများမှ တစ်နေ့လျှင် လူဦးရေ (၂,၀၀၀) ဝန်းကျင်သာ စစ်ဆေးနိုင်ချိန်တွင် ကိုရီးယားသမ္မတနိုင်ငံသည် (၁၅,၀၀၀)ခန့်အထိ စစ်ဆေးနိုင်သည့်အတွက် ရောဂါပိုးကူးစက်ခံထားရပြီးသူများကို လျှင်မြန်စွာ ရှာဖွေတွေ့ရှိအောင်စစ်ဆေး ပေးနိုင်နေသည့်အတွက် အချိန်တိုအတွင်း ကိန်းဂဏန်းအရများပြားနေခြင်းဖြစ်ပါကြောင်း၊ ထပ်မံကူးစက် နေခြင်းမျိုး မဟုတ် ပါကြောင်း၊ ကိုရီးယားအစိုးရနှင့် တာဝန်ရှိဝန်ကြီးဌာနအဖွဲ့အစည်းများအနေဖြင့် ကာကွယ်ဆေး မရရှိသေးသည့်တိုင် ရောဂါထိန်းချုပ်နိုင်၍ ကောင်းမွန်သည့် အခြေ အနေတစ်ရပ်သို့ ရောက်ရှိရန် ဘက်ပေါင်းစုံမှကြိုးစားစီမံဆောင်ရွက်နေပါကြောင်း ပြောရေးဆိုခွင့်ရှိသည့် အစိုးရအာဏာပိုင်များ၏ ထုတ်ဖော်ရှင်းလင်းပြောကြားချက်အရ သိရှိရပါသည်။

ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပြီး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ရောဂါကူးစက်ခြင်းမှကာကွယ်ရန် လိုက်နာ ရမည့် အချက်အလက်များကိုလည်း ပြည်သူများသိရှိစေရန် မီဒီယာများမှ တစ်ဆင့်အသိပညာပေးလျက်ရှိပါသည်။ ယခုအချိန်တွင် အစိုးရ၏အစီအမံများက အရေးကြီးသည့်နည်းတူ ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးအသိ၊ သတိရှိမှုနှင့် ရောဂါမပြန့်ပွား စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများသည် လွန်စွာအရေးကြီးသည့်အချိန်လည်းဖြစ်ပါသည်။  ရောဂါကာကွယ်ရေးအတွက် အသုံးပြု ရသည့် Face Mask များ ကုန်စည်ပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ၂၆-၂-၂၀၂၀ ရက်နေ့ မှစ၍ ၃၀-၄-၂၀၂၀ ရက်နေ့အထိ ပြည်ပသို့တင်ပို့မှုအား ထုတ်လုပ်မှု ၏ ၁၀ ရာခိုင်နှုန်းကိုသာ တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရမှကြေငြာခဲ့ပါသည်။ အရောင်းဆိုင်များတွင် Face Mask များအား ၂၇-၂-၂၀၂၀ ရက်နေ့တွင် ထပ်မံဖြည့်တင်းပေးခဲ့ကာ၊ ထုတ်လုပ်သူများအနေဖြင့် နေ့စဉ် ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် ရောင်းချသည့် စျေးနှုန်းအချက်အလက်များကို အစိုးရ၏သက်ဆိုင်ရာဌာနသို့ နေ့စဉ်သတင်းပို့တင်ပြရန် ညွှန်ကြားထားကြောင်းသိရှိရပါသည်။ သို့သော်လည်း ပြည်တွင်းဝယ်လိုအားက လွန်စွာ မြင့်မားနေသည့်အတွက် ကုန်ပစ္စည်းလိုအပ်မှုများ မှာဖြစ်ပေါ်ဆဲ ဖြစ်ပါသည်။

ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Sung Yun-mo သည် ဒယ်ဂူးမြို့ရှိ၊ တောင်ကိုရီးယားစက်မှုဇုန်ကော်ပိုရေးရှင်း၏ ပြည်နယ် ဌာနချုပ်သို့သွားရောက်၍ COVID-19 ပျံ့နှံ့မှုကြောင့် စီးပွားရေးကိုမထိခိုက်စေရန် တန်ပြန်ဆောင်ရွက်ရမည့် အစီအမံများနှင့်ပတ်သက်၍ သွားရောက်ဆွေးနွေးကာ လုပ်ငန်းများလည်ပတ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းရှင်များ ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်စေရန်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်စေရေးအတွက် စက်မှုဇုန်အတွင်းရှိကုမ္ပဏီများအား Quarantine ပစ္စည်းများ ငှားရမ်းပေးခြင်း၊ Face Mask များနှင့် လက်သန့်ရှင်းရေးဆေးရည်များကိုပေးအပ်ရန် စီစဉ်ထားရှိကြောင်း၊ ငှားရမ်းခနှုန်းထားများ ကိုလည်း ၃၀ ရာခိုင်နှုန်းလျှော့စျေးဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံအတွင်း ရောဂါကူးစက်မှုရှိသည့်နေရာများအား လိုအပ်သည့်ရောဂါထိန်းချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် ယာယီပိတ်ခြင်းမှအပ ကျန်လုပ်ငန်းရပ်များ၊ စီးပွားရေးလုပ်ငန်း များသည် ပုံမှန်လည်ပတ်လျက်ရှိပြီး၊ စက်ရုံ/ အလုပ်ရုံ အများစုအနေဖြင့်လည်း ပုံမှန်လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။  သို့ရာတွင် ၂၈-၂-၂၀၂၀ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ တောင်ပိုင်းရှိ Ulsan မြို့၌တည်ရှိသော တောင်ကိုရီးယား၏ ရောင်းအားအကောင်းဆုံး မော်တော်ယာဉ်ထုတ်လုပ်သူ ဖြစ်သည့် Hyundai Motor Co.,Ltd. ၏ Plant (2) ၌ COVID-19 ကူးစက်ခြင်းခံရသူ ဝန်ထမ်းတစ်ဦး တွေ့ရှိခဲ့သည့်အတွက် စက်ရုံအားလုပ်ငန်းများချက်ချင်းရပ်ဆိုင်းခဲ့ကာ၊ ကုမ္ပဏီ၏သက်ဆိုင်ရာ တာဝန်ရှိသူများအကြား အရေးပေါ်ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီ မှထုတ်ဖော်ပြောဆိုခဲ့ပါသည်။ တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကြောင့် လုပ်ငန်းများရပ်ဆိုင်းသဖြင့် တရုတ်နိုင်ငံမှ မော်တော်ယာဉ်အစိတ်အပိုင်းများ တောင်ကိုရီးယားနိုင်ငံသို့ တင်သွင်းနိုင်မှုအားနည်း၍ ရှားပါး နေချိန်တွင် ဤကိစ္စရပ်သည် တောင်ကိုရီးယားမော်တော်ယာဉ်ထုတ်လုပ်သူများအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုပင်ဖြစ်ပေသည်။

သမ္မတမွန်ဂျေအင်းအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ အဆိုပါဗိုင်းရပ်ပျံ့နှံ့မှုအား အမြင့်ဆုံးအနီရောင်အရေးပေါ်အဆင့်သတ်မှတ်ထားပြီး၊ အစိုးရသည် ပြည်သူနှင့် တစ်သားတည်းရှိနေကြောင်း ပြည်သူများစိတ်ဓါတ်တက်ကြွစေရန် ရောဂါအများဆုံး ဖြစ်ပွားရာမြို့များသို့ သွားရောက်စစ်ဆေး၍အားပေးခြင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်ပြုလုပ်ခဲ့သော အစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံ၏ စီးပွားရေးကိုကယ်တင်နိုင်မည့် မိမိနိုင်ငံ၏ အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းရှင်များကို ကာကွယ်ကူညီနိုင်မည့် အရေးပေါ်စီးပွားရေးဆိုင်ရာမူဝါဒများချမှတ်ရန် အစိုးရအဖွဲ့အား ညွှန်ကြားခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော်အစည်းအဝေးမှ ကူးစက် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးအက်ဥပဒေ၊ Quarantine အက်ဥပဒေနှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအက်ဥပဒေတို့ကို ပြင်ဆင်ခြင်းကို ခွင့်ပြု ခဲ့ပါသည်။ ပြင်ဆင်ချက်အရ နိုင်ငံ၏ကျန်းမာရေး သတိပေးချက်အဆင့် အဝါရောင်နှင့်အထက်သတ်မှတ်လိုက်ချိန်တွင် ကလေးငယ်များနှင့်သက်ကြီးရွယ်အို များကို Facial Mask ထောက်ပံ့ပေးရန်၊ ကူးစက်ရောဂါစစ်ဆေးရန်ငြင်းဆန်သူကို ဒဏ်ငွေဝမ် ၃ သန်းအထိချမှတ်ရန်၊ ရောဂါကူးစက်ခံရသဖြင့်ဆေးရုံတက်ရန် (သို့မဟုတ်) ရောဂါကာကွယ်ထိန်းချုပ်သည့်လုပ်ငန်း စဉ်ကိုလိုက်နာရန် ငြင်းဆန်ပါက ဒဏ်ငွေ ဝမ် ၁၀ သန်းအထိ (သို့မဟုတ်) ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်ရန်၊ ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တာဝန်ယူထားသည့် ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှတာဝန်ရှိသူများကို လက်ရှိအရေအတွက် ၃၀ မှ ၁၀၀ သို့တိုးမြှင့်ပေးရန်တို့ ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: Korea