Korea

ကိုရီးယားနိုင်ငံ၏ ကုန်သွယ်မှု အခြေအနေ

Last Updated:

အာရှဒေသ၏ စတုတ္ထမြောက်စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ ၏ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုမှာ ပို့ကုန် အမေရိကန် ဒေါ်လာ ၄၁.၃ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃၇.၂ ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၈.၅ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံဖြင့် ၉၇ လမြောက်အဖြစ် ပို့ကုန်အသာစီးရလျက်ရှိကြောင်း ၁−၃−၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်သော ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနှင့်စွမ်းအင်ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရှိရပါသည်။ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်တွင် ၄.၅ ရာခိုင်နှုန်းနှင့် သွင်းကုန်တွင် ၁.၄ ရာခိုင်နှုန်း အသီးသီးတိုးတက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ကိုရီးယားသမ္မတနိုင်ငံ သည် ကုန်သွယ်မှုတွင် ပို့ကုန်အသာစီးရရှိသော်လည်း ယခင်နှစ်ကာလတူများနှင့်နှိုင်းယှဉ်လျှင် ပို့ကုန်လျော့နည်းနေခဲ့သည်မှာ ၁၄ လ ဆက်တိုက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် တင်ပို့နိုင်မှုအလျော့နည်းဆုံးအဖြစ်စံချိန်တင်ခဲ့ပြီးသည့်နောက် ယခု ၂၀၂၀ ပြည့် နှစ်၊ ဖေဖော်ဝါရီလတွင် ယခင်နှစ်ကာလတူထက် ၄.၅ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ယခင် ၂၀၁၉ ခုနှစ်တွင် နှစ်သစ်ကူးရုံးပိတ်ရက်သည် ဖေဖော်ဝါရီလအတွင်းကျရောက်ခဲ့ပြီး၊ ယခု ၂၀၂၀ ပြည့်နှစ်၏ နှစ်သစ်ကူးရုံးပိတ်ရက်သည် ဇန်နဝါရီလအတွင်း ကျရောက်ခဲ့ခြင်းသည်လည်း ယခုလ ပို့ကုန်တိုးမြင့်ခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး၊ အဓိကပို့ကုန်ဖြစ်သော Semiconductor  ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ အဝတ်အထည်များစသည်တို့  ပြန်လည်ဦးမော့လာခြင်းတို့ကြောင့်လည်းဖြစ်ပါသည်။  ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန် ၃ ဆ တိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်း ထားသည့်အတွက် ယခုဖေဖော်ဝါရီလ၏ ပို့ကုန်တိုးမြင့်တင်ပို့နိုင်မှုနှင့်ကုန်သွယ်မှုပြန်လည်တိုးတက်လာမှုသည် လက်ရှိရင်ဆိုင်နေရသော Novel Coronavirus (COVID-19) ရောဂါပျံ့နှံ့မှုကို တွန်းလှန်၍စီးပွားရေးကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကျားကန်၍ စီမံဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာ တာဝန်ရှိသူများအတွက် အားတက်ဖွယ်ရာအင်အားတစ်ရပ်ဖြစ်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အဓိကပို့ကုန် ၂၀ မျိုးအနက် ၁၄ မျိုးသည် တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပြီး၊ ၎င်းတို့မှာ Semiconductor များ၊ အထွေထွေ စက်ပစ္စည်းများ၊ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများ၊ မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အထည်အလိပ်၊ ကွန်ပျူတာများ၊ သင်္ဘောများ၊ ပလတ်စတစ်ကုန်ပစ္စည်းများ၊ ဇီဝကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်စည်များ၊ ဘက်ထရီအပိုပစ္စည်းများ၊ အလှကုန်နှင့် စက်ရုပ်များဖြစ်ကြပါသည်။ လျော့နည်းတင်ပို့နိုင်ခဲ့သည့် ပို့ကုန်အမယ် (၆) မျိုးသည် ရေနံဓါတုပစ္စည်းများ၊ ရေနံထွက်ကုန်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ ရုပ်မြင် Display များ၊ စတီးသံမဏိနှင့် သန့်စင်ပြီးဓါတု ပစ္စည်းများတို့ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု၊ အာဆီယံနိုင်ငံများ၊ အမေရိက အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသ၊ အိန္ဒိယတို့သို့ တိုးတက်တင်ပို့နိုင်ခဲ့ပြီး၊ တရုတ်၊ ဥရောပသမ္မဂ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့နိုင်မှုလျော့နည်း ခဲ့ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: Korea