Belgium

ကိုရိုနာဗိုင်းရပ်စ်၏ စီးပွားရေးအကျိုးဆက်များအပေါ် ဘယ်လ်ဂျီယံကုမ္ပဏီများ အကြံဉာဏ်ရယူ နိုင်ရန်ကမ်းလှမ်း

Last Updated:

တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်နိုင်ဖွယ်ရှိသောစီးပွားရေးအကျိုးဆက်များနှင့်စပ်လျဉ်း၍ ကိုင်တွယ်ဆောင်ရွက်မည့်လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု ဘယ်လ်ဂျီယံနိုင်ငံ၊ စီးပွားရေး ဌာန (Federal Public Service Economy) ၏ ဝန်ကြီးများဖြစ်သည့် Denis Ducarme နှင့် Nathalie Muylle တို့က ပြောကြား ခဲ့ကြောင်း ဘရပ်ဆဲလ်တိုင်းမ်သတင်းဌာန၏ ၆-၂-၂၀၂၀ နေ့တွင် ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ယင်းလုပ်ငန်းအဖွဲ့သည် တရုတ်နိုင်ငံမှ သွင်းကုန်တင်သွင်းမှုများပြုလုပ်နေသော ဘယ်လ်ဂျီယံနိုင်ငံ ကုမ္ပဏီများ ရင်ဆိုင်ကြုံတွေ့ရနိုင်သည့်  အခက်အခဲများကို ဆန်းစစ်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီများအားလုံးအနေဖြင့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်အသစ်နှင့် စပ်လျဉ်းသည့် မေးခွန်းများကို အဆိုပါလုပ်ငန်းအဖွဲ့ထံသို့ ပေးပို့ကြရန်နှင့် ၆-၂-၂၀၂၀ နေ့တွင်ပြုလုပ်မည့် FPS Economy ၏ အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့၏ ရည်မှန်းချက်များအနက် ဘယ်လ်ဂျီယံနိုင်ငံကုမ္ပဏီများအတွက် လိုအပ်မည့် လမ်းညွှန်မှုနှင့် အကူအညီများပေးအပ်နိုင်ရေး အကောင်အထည်ဖော်သွားရန် ပြင်ဆင်ခြင်းလည်း ပါဝင်ကြောင်း သိရှိရပါသည်။

ယခုလုပ်ငန်းစဉ်မှာ ကြိုတင်ကာကွယ်ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြဿနာကြုံတွေ့ရသည့်ကဏ္ဍများနှင့်ပတ်သက်၍ ဘယ်လ်ဂျီယံ စီးပွားရေးလုပ်ငန်းများမှ အစိုးရထံသို့ အစီရင်ခံလာမှု တစ်စုံတစ်ရာ မရှိသေးကြောင်း၊ ဟူဘေး ပြည်နယ်၏မြို့တော် ဝူဟန်သည် တရုတ်နိုင်ငံတွင် စက်မှုလုပ်ငန်းများ၏  အဓိကဗဟိုဌာနတစ်ခုဖြစ်ပြီး Citroen၊ Peugeot စသည့် ပြင်သစ်မော်တော်ကားလုပ်ငန်းများသာမက ရေးနော့နှင့် နစ်ဆန်းအမှတ်တံဆိပ်များ၏ Assembly Plants များအပါအဝင် မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းများစွာ ရုံးစိုက်ရာမြို့လည်းဖြစ်ကြောင်း၊ ဝူဟန်မြို့တွင်ပိတ်ဆို့မှုများပြုလုပ်ထားပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံပြည်တွင်းနှင့် နိုင်ငံပြင်ပရှိ မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် သက်ရောက်မှုရှိကြောင်း၊ ကိုရီးယားနိုင်ငံ မော်တော်ကားကုမ္ပဏီ Hyundai အနေဖြင့် ယင်း၏ ဝိုင်ယာအစိတ်အပိုင်းများအဓိကထုတ်လုပ်သည့် တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားနေမှုကြောင့်  အဆိုပါအစိတ်အပိုင်းများရရှိနိုင်ရေး မသေချာမရေရာမှုနှင့်အတူ တောင်ကိုရီးယားနိုင်ငံရှိ ကုမ္ပဏီ၏ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရခြင်းကို ၄-၂-၂၀၂၀ နေ့က ကြေညာခဲ့ကြောင်းလည်း သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်အသစ်၏ စက်မှုကုန်ထုတ်လုပ်ငန်းများအပေါ် သက်ရောက်မှုမှာ မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများတွင်သာမကဘဲ တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် အစိတ်အပိုင်းများအပေါ် အဓိကမှီခိုနေရသည့် ဓါတုပစ္စည်း၊ သယ်ယူပို့ဆောင်ရေး၊ အထည်အလိပ်နှင့် လျှပ်စစ်ပစ္စည်းစသည့် ကုမ္ပဏီများအပေါ်တွင်လည်း သက်ရောက်မှုရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြချက်အရ သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - https://www.brusselstimes.com      

Category: Belgium