Belgium

ကိုရိုနာဗိုင်းရပ်စ်၏ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုကို မှန်းဆရန်ခက်ခဲကြောင်း IMF ပြောကြားခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19) ၏ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုကို မှန်းဆရန် ခက်ခဲနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ပြောရေးဆိုခွင့်ရှိသူ Gerry Rice က ပြီးခဲ့သည့် ၁၂-၃-၂၀၂၀ နေ့၊ အွန်လိုင်းမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရရှိခဲ့သည့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂.၉ ရာခိုင်နှုန်းထက် ယခုနှစ်၏ တိုးတက်မှုနှုန်းမှာ လျော့ကျမည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် မသေချာမရေရာမှုများကြောင့် မည်မျှအထိကျဆင်းနိုင်မည်ကိုမူ မှန်းဆ ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ပြဿနာ၏ ကမ္ဘာ့စီးပွားရေးအပေါ်မည်မျှအထိရိုက်ခတ်မှုရှိမည်ဆိုသည်မှာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု၊ ယင်းအပေါ်တုန့်ပြန်ဆောင်ရွက်သည့် အစီအမံများနှင့် အဆိုပါစီမံဆောင်ရွက်ချက်များ၏ ထိရောက်မှုတို့အပေါ်တွင် များစွာမူတည် နေမည်ဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံး ပူးပေါင်းညှိနှိုင်း၍ တုန့်ပြန်ဆောင် ရွက်ရန်လိုအပ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကို ထိထိရောက်ရောက်တုန့်ပြန်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ် အရေးပါကြောင်းနှင့် အတူတကွ လက်တွဲလုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘာ့ကပ်ရောဂါကို ဖြေရှင်းနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ (၅၀) ဘီလီယံ ရရှိနိုင်ကြောင်းကို ပြီးခဲ့သည့်သတင်းပတ်က IMF အနေဖြင့် ကြေညာခဲ့ပြီး၊ ယင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ၏ သက်ရောက်မှုဒဏ်ခံရသည့် ဆင်းရဲနွမ်းပါးသောဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အတိုးနှုန်းမပါသည့်ချေးငွေ အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံလည်းပါဝင်ကြောင်း သိရပါသည်။ IMF အနေဖြင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအလားအလာဆိုင်ရာ အစီရင်ခံစာကို လာမည့် ဧပြီလ လယ်၌ထုတ်ပြန်သည့်အချိန်တွင် ယင်း၏ နောက်ဆုံးရစီးပွားရေးတိုးတက်မှုခန့်မှန်းချက် ပါဝင်လာမည် ဖြစ်ကြောင်း Gerry Rice ကဆက်လက်ပြောကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးသည် ၂.၉ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်အတွက် တိုးတက်မှုနှုန်းကို ၃.၃ ရာခိုင်နှုန်းရှိမည်ဟု IMF အနေဖြင့် ဇန်နဝါရီလ အတွင်းက ခန့်မှန်းထားခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါမဖြစ်ပွားမီကပင် ကမ္ဘာ့စီးပွားရေးပြန်လည်တိုးတက်မှုသည် ထိခိုက်လွယ်သည့် အနေ အထားတွင်ရှိနေပြီး၊ ပြင်ပအကြောင်းတရားများ (external element) ၏ ခြိမ်းခြောက်မှုကိုခံရနိုင်ကြောင်း IMF ကသတိပေးပြောကြားထားခဲ့ကြောင်း ဘရပ်ဆဲလ် တိုင်းမ်၏  ၁၂-၃-၂၀၂၀ နေ့တွင် သတင်း ဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ်  - (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium