Belgium

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် နယ်သာလန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုမျှော်မှန်းချက် ကျဆင်းနိုင်

Last Updated:

နယ်သာလန်နိုင်ငံ ဗဟိုစီမံကိန်းဗျူရို (Central Planning Bureau-CPB) ၏ နောက်ဆုံးရ ခန့်မှန်းချက်များအရ နယ်သာလန်နိုင်ငံ၏စီးပွားရေးမှာ ယခုနှစ်တွင် ၁.၄ ရာခိုင်နှုန်းနှင့် လာမည့်နှစ် တွင် ၁.၆ ရာခိုင်နှုန်းတို့ဖြင့် တိုးတက်ရန်မျှော်လင့်ထားကြောင်း၊ အဆိုပါစီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက ခန့်မှန်းချက်ထက် အနည်းငယ်ပိုမိုမြင့်မား ခဲ့ကြောင်း၊ နယ်သာလန်နိုင်ငံ စီးပွားရေးအပေါ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု၏ သက်ရောက်မှုများမှာ မသေချာ မရေရာသည့် အခြေအနေတွင်ရှိနေဆဲဖြစ်သော်လည်း ရောဂါကူးစက်ပြန့်ပွားမှုကို လျင်မြန်စွာထိန်းချုပ်နိုင်ခဲ့ခြင်းမရှိပါက စီးပွားရေးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်စေလိမ့် မည်ဟု CPB က သတိပေးထားကြောင်း သိရပါသည်။

နယ်သာလန်နိုင်ငံ၏ လက်ရှိစီးပွားရေးတိုးတက်မှုနှုန်းခန့်မှန်းချက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို လျင်မြန်စွာကိုင်တွယ်နိုင်မည်ဟူသော ယူဆချက်အပေါ် အခြေခံ၍ ခန့်မှန်းထားခြင်းဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိထားသည် မှာရှင်းလင်းသိသာသည့် အချက်ဖြစ် ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို လျင်မြန်စွာရပ်တန့်နိုင်ခြင်းမရှိခဲ့ပါက စီးပွားရေးတိုးတက်မှုအပေါ်ထပ်မံဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည်ဟု CPB ၏ညွှန်ကြားရေးမှူး Pieter Hasekamp က ပြောကြားခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု အားထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေသည့် အခြေ အနေတွင် စီးပွားရေးအလားအလာကိုလည်း နယ်သာလန်နိုင်ငံ ဗဟိုစီမံကိန်းဗျူရိုအနေဖြင့် ခန့်မှန်းထားပြီး၊ ယင်းအခြေအနေတွင် နယ်သာလန်နိုင်ငံ၏ စီးပွာရေး တိုးတက်မှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ၀.၅ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ် တွင် ၀.၃ ရာခိုင်နှုန်းဖြင့်သာ တိုးတက်နိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

နယ်သာလန်နိုင်ငံ ဗဟိုစီမံကိန်းဗျူရိုအရ လာမည့် (၂) နှစ်တာကာလအတွင်း နယ်သာလန် နိုင်ငံ၏စီးပွားရေးတိုးတက်မှုမှာ အစိုးရပိုင်းနှင့် စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုအပေါ်တွင် အဓိကမူတည်နေမည်ဖြစ်ကြောင်း၊ လုပ်သားဈေးကွက်ပြတ်လပ်မှု အခြေအနေများကြောင့် လုပ်ခလစာတိုးမြှင့်ခြင်းနှင့် အခွန်ဖြတ်တောက်ခြင်း တို့မှတစ်ဆင့် နယ်သာလန်နိုင်ငံတွင်းနေထိုင်သူများသည် ငွေကြေးသုံးစွဲမှုများပိုမိုပြုလုပ်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်သာလန်နိုင်ငံတွင် ယခုနှစ်အတွင်း ဝယ်ယူနိုင်စွမ်း အားမှာ ၂.၁ ရာခိုင်နှုန်းဖြင့်တိုးတက်ရန် မျှော်လင့်ထားကြောင်း နယ်သာလန်တိုင်းမ်၏ ၃-၃-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (https://nltimes.nl)

Category: Belgium