Belgium

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဆေးဝါးလုပ်ငန်းသုံး အကာအကွယ်ပစ္စည်းကိရိယာများ တင်ပို့မှုကို ဂျာမနီ ပိတ်ပင်ခဲ့ခြင်း

Last Updated:

ဂျာမနီနိုင်ငံတွင် ၄-၃-၂၀၂၀ နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ  ကူးစက်ခံရသူအရေအတွက် (၂၀၀) ကျော်သို့ ရောက်ရှိလာခဲ့သဖြင့်  နှာခေါင်းစီးများ (Masks) အပါ အဝင်ဆေးဝါးလုပ်ငန်းသုံး အကာအကွယ်ပစ္စည်းများတင်ပို့မှု ပိတ်ပင်ခြင်းကို ဂျာမနီ နိုင်ငံအာဏာပိုင်များက အမိန့်တစ်ရပ်ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။ ဂျာမနီနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်တွင်းရေးဝန်ကြီးဌာနတို့မှ ပူးတွဲထုတ်ပြန်ခဲ့သည့် အဆိုပါအမိန့်ဒီကရီအရ နှာခေါင်းစီးများ၊ လက်အိတ်များ၊ ဆေးဝတ်စုံများ စသည်တို့အပါအဝင် ဆေးဝါးလုပ်ငန်းသုံး အကာအကွယ်ပစ္စည်းများတင်ပို့မှုကို တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီအပါအဝင် အချို့သော အခြေအနေများအတွက်သာ ခြွင်းချက်ထားရှိမည်ဖြစ်ကြောင်း ဘရပ်ဆဲလ် တိုင်းမ်၏ ၄-၃-၂၀၂၀ နေ့တွင် သတင်းဖော်ပြထားမှုအရ သိရှိရပါသည်။

ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေမှာ ဂျာမနီနိုင်ငံ၊ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ဖက်ဒရယ်အာဏာပိုင်အဖွဲ့အစည်း Robert Koch Institute ၏ အစီရင်ခံစာ အရ ဂျာမနီ၏ ဖက်ဒရယ်ပြည်နယ် (၁၆) ခုအနက် (၁၅) ခုတွင် အတည်ပြုရောဂါကူးစက်ခံရမှု တွေ့ရှိချက် (၂၄၀) ခုရှိပြီဖြစ်ကြောင်း၊ ရောဂါတွေ့ရှိမှုများ၏ ထက်ဝက်ကျော်မှာ North Rhine –Westphalia တွင်ဖြစ်ပြီး၊ ၄-၃-၂၀၂၀ နေ့တွင် အဆိုပါဒေသမှ ကျန်းမာရေးဝန်ထမ်းများအတွက် အကာအကွယ်နှာခေါင်းစီး အရေအတွက် (၁) သန်းကို ဝယ်ယူခဲ့သည်ဟု ဂျာမနီနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးက ပြောကြားခဲ့ကြောင်း၊ ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် စတင်ကျင်းပရန်စီစဉ်ထားပြီး၊ ပါဝင်ပြသသူအရေအတွက် (၅၀၀၀) ခန့်နှင့် ပြပွဲလာရောက်သူအရေအတွက် (၂) သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည့်  ဟန်နိုဗာစက်မှုလုပ်ငန်းပြပွဲကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားနေမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့သို့ ရွှေ့ဆိုင်းထားသည်ဟု ပြပွဲစီစဉ်သူများက ပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ်  -   (https://www.brusselstimes.com)

Category: Belgium