Belgium

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီးယူ၏ စီးပွားရေးအလားအလာအပေါ် သက်ရောက်မှုရှိလာနိုင်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုသည် ယခုနှစ် ပထမသုံးလအတွင်း ဆက်လက်မြင့်မား နေမည်ဆိုပါက ယူရိုဇုန်၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုတချို့ရှိလာနိုင် ကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့ပါသည်။ သို့ရာတွင် ဗိုင်းရပ်စ်ကူးစက်မှုသည် ကာလကြာမြင့်စွာဆက်လက်ဖြစ်ပေါ်နေ မည်ဆိုပါက အဆိုပါအခြေအနေမှာ ပြောင်းလဲသွားနိုင်ကြောင်း၊ ဥရောပကော်မရှင်သည် ယူရိုငွေအသုံးပြုသည့်နယ်မြေ၏ စီးပွားရေးခန့်မှန်းချက်အသစ်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး၊ ပြီးခဲ့သည့် နိုဝင်ဘာလ ခန့်မှန်းချက်အတိုင်းမပြောင်းလဲဘဲ ယခုနှစ်နှင့်လာမည့်နှစ်တို့တွင် တည်ငြိမ်သော တိုးတက်မှုအဖြစ် ၁.၂ ရာခိုင်နှုန်းတိုးတက်မှုရှိမည်ဟု ခန့်မှန်းထားပါသည်။

လာမည့် (၂) နှစ်အတွင်း တိုးတက်မှုအားနည်းမည်ဖြစ်သော်လည်း ဥရောပ၏ စီးပွားရေး အလားအလာအပေါ် ရှုမြင်သုံးသပ်ချက်မှာ တည်ငြိမ်မှုရှိနေမည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍မူ ယင်း၏ အနှုတ်လက္ခဏာဆောင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် အကဲဖြတ်ရန် စောလွန်းနေသေးသည်ဟု ဥရောပကော်မ ရှင်၏ စီးပွားရေးဌာနအကြီးအကဲ Paolo Gentiloni က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) ၏ ယူရိုဇုန်စီးပွားရေးအပေါ် ဘေးထွက်ဆိုးကျိုး သက်ရောက်နိုင်မှုမရှိသေးသည့်အခြေအနေမှာ ကြာရှည်လိမ့်မည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ အာဏာပိုင်များအနေဖြင့် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းသိမ်းနိုင်ရန်အတွက် ၎င်းတို့၏ ထုတ်ကုန်များအပေါ် မှီခိုနေသည့် ကမ္ဘာ တစ်ဝန်းရှိကုမ္ပဏီများအတွက် ထုတ်လုပ်သည့် စက်ရုံများကို ပိတ်သိမ်းထားကြောင်းသိရပါသည်။ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ကာလကြာလာသည်နှင့်အမျှ  ကမ္ဘာ့ စီးပွားရေးနှင့်ဘဏ္ဍာရေးအခြေအနေတို့အပေါ် သွယ်ဝိုက်၍သက်ရောက်နိုင်ခြေမှာ ပိုမိုမြင့်မားလာကြောင်း ဥရောပကော်မရှင်၏ စီးပွားရေးခန့်မှန်းချက်တွင် ထောက်ပြထားပါသည်။ ကိုရိုနာဗိုင်းရပ်စ်အပေါ် စိုးရိမ်ကြောင့်ကြမှုများသည် မကြာသေးမီက တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်မှုသဘောတူညီ ချက်လက်မှတ်ရေးထိုးခဲ့မှုကြောင့် ရရှိထားသည့် စီးပွားရေးဆိုင်ရာ ယုံကြည်ချက်ကို ပြန်လည်လျော့ကျစေခဲ့ကြောင်း သိရှိရပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (https://www.politico.eu)

 

 

 

 

Category: Belgium