Belgium

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်-ဗြိတိန်ကုန်သွယ်ရေးဆွေးနွေးမှုများ ရပ်တန့်ထားဖွယ်ရှိ

Last Updated:

ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးဆွေးနွေးမှုများကို ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ရပ်တန့်ထားရနိုင်ကြောင်း ဗြိတိန်နိုင်ငံအစိုးရ မှအတည်ပြုခဲ့ကြောင်း၊ ကုန်သွယ်ရေးဆွေးနွေးမှုများကို ယခုမတ်လကုန်တွင် စတင်နိုင်ရန် စီစဉ်ထားသော်လည်း အဆိုပါအစီအစဉ်များ အပြောင်းအလဲရှိနိုင်ကြောင်း ကို ဗြိတိန်နိုင်ငံတကာကုန်သွယ်မှုဌာနက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ ဗြိတိန်-အမေရိကန် လွတ်လပ်သော  ကုန်သွယ်မှုသဘောတူညီချက်အတွက် မိမိတို့၏ ညှိနှိုင်းဆွေးနွေး မှုဆိုင်ရာရည်ရွယ်ချက်များကို ထုတ်ပြန်ခဲ့ပြီး၊ ယခုမတ်လကုန်တွင် ဆွေးနွေးမှုများစတင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ သို့ရာတွင် လက်ရှိအခြေ အနေများကို မပြတ် စောင့်ကြည့်၍သုံးသပ်သွားရမည်ဖြစ်ပြီး သိပ္ပံနည်းကျဆိုင်ရာ အကြံဉာဏ်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ဗြိတိန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုသဘောတူညီချက်အတွက် ၎င်းတို့၏ ကုန်သွယ်မှုရည်မှန်းချက်များကို ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းကို ထုတ်ပြန်ခဲ့သည့် ရက်သတ္တပတ်အတွင်း၌ နှစ်ဘက်ကုန်သွယ်မှု ဆွေးနွေးပွဲများကို မတ်လလယ်တွင် စတင်နိုင်ရန်မျှော်လင့်ထားသည်ဟု ဗြိတိန်အစိုးရအရာရှိများက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကို တားဆီးနိုင်ရေးအတွက် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က Schengen ဒေသမှ ခရီးသွားများ အမေရိကန်နိုင်ငံသို့ လာရောက်ခွင့်ကို ရက်ပေါင်း (၃၀) ကြာပိတ်ပင်မှုတစ်ရပ် ကြေညာခဲ့ပြီး ယင်းကြေညာချက်မှာ ၁၃-၃-၂၀၂၀ နေ့တွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကြေညာချက်အရ အမေရိကန်နိုင်ငံ၏ ခရီးသွားလာခွင့် ပိတ်ပင်မှုတွင် အိုင်ယာလန်နှင့်ဗြိတိန်နိုင်ငံတို့ ပါဝင်ခဲ့ခြင်း မရှိကြောင်း politico ၏ ၁၂-၃-၂၀၂၀ နေ့တွင် ဖော်ပြချက်အရသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ်  -  (Politico)

Category: Belgium