Belgium

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားများမရှိခြင်းသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအပေါ် စတင် ရိုက်ခတ်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် အဓိကခရီးသွားမြို့ကြီးများတွင် အုပ်စုလိုက် တရုတ်ခရီးသွားများ မလာရောက်သဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှုရှိနေကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တရုတ်ခရီးသွားများအနေဖြင့် ကမ္ဘာ တစ်ဝန်းတွင် ခရီးသွားလာမှုပေါင်း  (၁၅၀) သန်းရှိခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံသုံးစွဲခဲ့မှုဖြင့် ၂၀၁၈ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားချိန်မှစတင်၍ ပြည်ပသို့ခရီးသွားလာမှု ကိုတားမြစ်ထားခြင်းနှင့် နေအိမ်၌သာနေထိုင်ရန် ကန့်သတ်ထားမှု တို့ကြောင့် ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် အခြားခရီးသွားလုပ်ငန်းဆက်စပ် လုပ်ကိုင်သူများအနေဖြင့် ခရီးသွားလုပ်ငန်း၏ ရှေ့အလားအလာနှင့် ပတ်သက်၍ မသေချာမရေရာမှုများ ကြုံတွေ့နေရကြောင်းသိရှိရပါသည်။

ကမ္ဘာတစ်ဝန်း အနည်းဆုံး (၁၄) နိုင်ငံခန့်သည် တရုတ်နိုင်ငံမှ လာရောက်မည့်လေကြောင်းလိုင်းများကို ကန့်သတ်ထားခြင်း၊ ပိတ်ပင်ထားခြင်းများ ပြုလုပ်ထားကြကြောင်း၊ ခရီးသွားမြို့ကြီးများဖြစ်သည့် ပဲရစ်၊ လန်ဒန်နှင့် ဗင်းနစ်စ်မြို့များတွင် တရုတ် ခရီးသွားများ လာရောက်မှုမရှိကြသလို ထိုင်းနိုင်ငံ၊ မကာအိုစသည့် ဒေသများတွင်လည်း ခရီးသွားများလာရောက်ခြင်းမရှိကြသဖြင့် လောင်းကစားလုပ်ငန်းအပေါ် အဓိကအခက်အခဲတစ်ရပ်ဖြစ်စေလျက်ရှိကြောင်း၊ နောက်ဆုံးရရှိ သည့်စာရင်းများအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပေါင်း ၆၀၀၀၀ ကျော်ရှိနေပြီး၊ အနည်းဆုံး ၁၃၅၅ ဦး သေဆုံးမှုရှိခဲ့ကြောင်း ဘရပ်ဆဲလ်တိုင်းမ်သတင်းဌာန ၏ ၁၃-၂-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ်   -  (https://www.brusselstimes.com)

Category: Belgium