India (Delhi)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုများအား သက်သာမှုရရှိရေး စီမံဆောင်ရွက်မည်ဟု အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ပြောကြားခြင်း

Last Updated:

အိန္ဒိယနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကာလ စီးပွားရေးရာအထူးလုပ်ငန်းအဖွဲ့ (Covid-19 Economic Task Force) သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဂယက်ကြောင့် နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်ထိခိုက်နိုင်မှုများအား လျော့ပါးသက်သာမှုရရှိစေရေး လုပ်ငန်းအစီအမံများကို မကြာမီ ကာလ၌ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် မည်သို့သော စီးပွားရေးဆိုင်ရာ အရေးပေါ်အခြေအနေမျှ ပေါ်ပေါက်ရန် မရှိကြောင်းဖြင့် အိန္ဒိယဘဏ္ဍာ ရေးဝန်ကြီး Ms. Nirmala Sitharaman က အခိုင်အမာပြောကြားလိုက်ပါသည်။

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ လာမည့်သုံးလတာအတွင်း Debit card ကိုင်သူဆောင်များအား မည်သည့်ဘဏ်၏ ATM ငွေထုတ် စက်များမှမဆို ငွေသားထုတ်ယူရာ၌ ဝန်ဆောင်ခကောက်ခံမှုမှ ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း၊ ဘဏ်အပ်ငွေစာရင်း၌ အနည်းဆုံး ထားရှိရမည့် လက်ကျန်ငွေပမာဏ ပြည့်မီမှုမရှိခြင်းအပေါ် အခကြေးငွေကောက်ခံမှုကို ဖယ်ရှား မည်ဖြစ်ကြောင်း၊ နိုင်ငံပိုင် State Bank of India ၌ ငွေစုဘဏ် အပ်ငွေစာရင်းများ အပေါ် အဆိုပါဖြေလျော့မှုအား ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ထို့အပြင် အင်တာနက်ကွန်ယက်စနစ် အသုံးပြုလျက် ကုန်သွယ် ရောင်းဝယ်မှုဆိုင်ရာ ငွေပေးချေရှင်းလင်းမှုများအပေါ် ကောက်ခံသည့် Digital Charges အခကြေးငွေနှုန်း ထားကိုလည်း လျော့ချပေးမည်ဖြစ်ကြောင်း ဖြင့် ဘဏ္ဍာရေးဝန်ကြီး Ms. Nirmala Sitharaman က ပြောဆိုပါသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အခွန်ကြွေးကျန်များ နောက်ဆုံးထားပေးသွင်းရမည့်နေ့ရက်ကို ၃၀.၆.၂၀၂၀ နေ့အထိရွှေ့ဆိုင်းပေးမည်ဖြစ်ပြီး ၎င်းကြွေးကျန်ငွေအပေါ်ကောက်ခံသည့် အတိုးနှုန်း ကိုလည်း ၁၂ % သတ်မှတ်ထားရာမှ ၉% သို့ လျော့ချပေးမည် ဖြစ်ကြောင်း၊ ဝင်‌ငွေအရင်းအမြစ်မှ ထုတ်နှုတ်ကောက်ခံသည့် Tax Deducted at Source (TDS) အခွန်များ ပေးသွင်းရန် နှောင့်နှေးမှုအပေါ် ကောက်ခံ သည့် အတိုးနှုန်း ကိုလည်း ၁၈% မှ ၉% သို့ လျော့ချပေးမည်ဖြစ်ကြောင်း၊ Vivad se Vishwas scheme ခေါ် အခွန်အငြင်း ပွားမှုဖြေရှင်းရေး အစီအစဉ်အရ လုပ်ငန်းပြီးစီးရန် နောက်ဆုံးနေ့ရက် သတ်မှတ်ထားရှိမှုများအား   ၃၀.၆.၂၀၂၀ နေ့အထိ ရွှေ့ဆိုင်း ပေးမည်ဖြစ်ပြီး နေ့ရက်ကျော်လွန်မှု အပေါ် ထပ်တိုး ၁၀% ကောက်ခံခြင်းကိုလည်း ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ အခွန်ဆိုင်ရာ ဥပဒေများအရ အခြားလိုက် လျောထားရှိမှုများကို လည်း ၃၀.၆.၂၀၂၀ နေ့အထိ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း၊ ယခုနှစ် မတ်လမှ မေလအထိ ပေးသွင်းရန်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုအခွန် (GST) များပေးသွင်းခြင်းကို ဇွန်လကုန်အထိ တိုးမြှင့်ခွင့်ပြုမည်ဖြစ်ပြီး GST ပေးသွင်းရန် ရူပီးငွေ သန်း ၅၀ အောက်ရှိသည့် ကုမ္ပဏီများအပေါ် နောက်ကျကြေးနှင့်ဒဏ်ကြေး ကောက်ခံမည်မဟုတ်ကြောင်း၊ သို့သော် ၎င်း ပမာဏထက် ကျော်လွန်သည့် ကုမ္ပဏီများကိုမူ  နောက်ကျကြေး ၉% သာကောက်ခံမည်ဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံ ကုမ္ပဏီရေးရာ ဝန်ကြီးဌာန၏ MCA21 Portal ၌ လိုအပ်သော အချက် အလက်များ မှတ်ပုံတင်ရေးသွင်းခြင်းကို ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ယာယီ ဆိုင်းငံ့ထားမည်ဖြစ်ရာ ကုမ္ပဏီများ အနေဖြင့် ၎င်းကာလများအတွက် စာရင်း ရေးသွင်းမှု နောက်ကျကြေးများ ပေးဆောင်ရခြင်းမှ ကင်းလွတ်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့ အစည်းအဝေးများ မဖြစ်မနေကျင်းပရန် သတ်မှတ်ထားခြင်းအားလာမည့် သုံးလပတ်ကာလ ၂ ခုအတွက် ရက်ပေါင်း ၆၀ အထိ ရွှေ့ဆိုင်းခွင့်ပြုကြောင်း သိရှိရသည်။

၂၄.၃.၂၀၂၀ နေ့တွင် Video Conferencing ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ ဝန်ကြီး Ms. Nirmala Sitharaman က အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းစဉ်များအား ဇွန်လ ၃၀ ရက် နေ့အထိ တစ်ရက်လျှင် ၂၄ နာရီအပြည့်၊ ရက်သတ္တတစ်ပတ်လုံး၌ (24x7) စနစ်ဖြင့် လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့တွင် စေ့ရောက်မည့် Sabka Vishwaas scheme အရ သွယ်ဝိုက်ကောက်ခံသည့် အကောက်ခွန်များ ပေးသွင်းမှုကိုလည်း ဇွန်လကုန်အထိ ကာလတိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ရန်ပုံငွေကြေးအခက်အခဲများနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုများအား ကြုံတွေ့လာရချိန်တွင် MSMEs လုပ်ငန်းငယ်များ ဒေဝါလီခံရမှုလျော့ပါးစေရေးအတွက် လူမွဲခံမှုဥပဒေ Insolvency and Bankruptcy Code (IBC) ၌ ပြဌာန်းပါရှိသည့် ပြန်ဆပ်နိုင်ခြင်းမရှိသော ကြွေးမြီပမာဏ ရူပီးငွေ ၁ သိန်း သတ်မှတ်ချက်အား ရူပီးငွေ ၁၀ သိန်း အထိ တိုးမြှင့်ပြင်ဆင်သတ်မှတ် မည်ဖြစ်ပြီး ၃၀.၄.၂၀၂၀ ရက်နေ့ နောက်ပိုင်း အခြေအနေအပေါ် မူတည်၍ IBC ဥပ‌ဒေပါ အချက်များကို လိုအပ်သကဲသို့ ပြင်ဆင်ဖြေလျော့ပေးရန် စဉ်းစားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Tax filing dates extended, business rules eased, ATM, bank charges waived off in Covid relief measures, 24 March 2020, Economic Times

Category: India (Delhi)