China (HongKong)

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကိုယိုယွင်းစေနိုင်သည့်သတင်းအားတင်ပြခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် ကျင်းပပြုလုပ်မည့်ပွဲများ ဖျက်သိမ်းရခြင်း၊ စီးပွားရေးကျဆင်းနိုင်သည်မှာ သေချာလျှက်ရှိခြင်း၊ စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် နှစ်တော်တော်ကြာအောင် အဆင်မပြေမှုများ ဖြစ်နိုင်ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ထိခိုက်မှုနှင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ငွေကြေးအကြပ်အတည်းကဲ့သို့ပင် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည်လည်း အဓိကစစ်ပွဲတစ်ခုအနေဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ အချို့သောကမ္ဘာ့ စီးပွားရေးကျဆင်း စေသည့် အကြောင်းအရာများမှာ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်သော်လည်း ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုတွင် စီးပွားရေးပညာရှင်များအနေဖြင့် လုပ်ငန်းလည်ပတ်မှုလမ်းကြောင်းသစ်ဖြင့် ဆောင်ရွက်နိုင်ရန် ကြိုတင်ခန့်မှန်းရန် ခက်ခဲလျှက်ရှိကြောင်း၊ ၁၉၇၄  ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့မှုများမှာ ကမ္ဘာ့စီးပွားရေးအား ဖြေးဖြေးမှန်မှန် ကျဆင်းခဲ့ခြင်းဖြစ်ပြီး (၅၀) ရာခိုင်နှုန်းစီ ကျဆင်းခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် စီးပွားရေးကျဆင်းပြီးနောက် ဗြိတိန်နိုင်ငံဈေးကွက်မှာ ၁၉၈၇ ခုနှစ်အထိ ၁၉၄၇ ခုနှစ် မတိုင်ခင် အခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ယခင် အခြေအနေသို့ ရောက်ရှိရန် နှစ်ပေါင်း (၂၀) ကြာခဲ့ကြောင်း၊ ၁၂-၃-၂၀၂၀ ရက်နေ့တွင်  အမေရိကန်စတော့ဈေးကွက်ကျဆင်းခဲ့မှုမှာ ၁၉၈၇ ခုနှစ်နောက်ပိုင်းအပြီး ပထမဆုံး ကျဆင်း ခြင်းဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားလျှက်ရှိသော ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုမှာ ကြီးမားနိုင်ကြောင်း၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှုမှာ ကြာရှည်ဖြစ်ပေါ်နိုင်ကြောင်းနှင့် စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများလျော့ကျနိုင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးမှာ သိသိသာသာကျဆင်းနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အားကစားပွဲများ၊ ဖျော်ဖြေရေးပွဲများဖျက်သိမ်းရ ခြင်း၊ အမေရိကန် သရုပ်ဆောင်မင်းသား Tom Hanks နှင့် အာဆင်နယ်လ် အသင်းဘောလုံးနည်းပြဆရာ Mikel Arteta တို့တွင် ကိုရိုနာရောဂါကူးစက်ဖြစ်ပွားမှု သတင်းမှာလည်း ထိတ်လန့်မှုဖြစ်စေကြောင်း၊ အမေရိကန်နိုင်ငံ ကမ်းခြေရှိ ဥရောပကုန်ပစ္စည်းများ ဝင်ထွက်သွားလာသည့် (Cargo) အား အမေရိကန်နိုင်ငံမှ ပိတ်ပင်တားဆီးလိုက်ပြီးနောက် အမေရိကန်၊ ဥရောပနိုင်ငံများနှင့် ကမ္ဘာ့ ကုန်သွယ်မှုအများဆုံး နိုင်ငံများအကြား ကုန်သွယ်ရေးလုပ်ငန်းအပေါ် ထိခိုက်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းများအများဆုံး တင်သွင်းသူနှင့် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသူဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသည်လည်း အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး လုပ်ထားသော ကြောင့် နှစ်ဦးနှစ်ဖက်အပြန်အလှန် ထိခိုက်မည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွင် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်ခြင်းပြုလုပ်ပြီး အရေးကြီးသည့် ကုန်ပစ္စည်းများနှင့် တန်ဖိုးကြီးမားသည့် ကုန်ပစ္စည်းများအား လေကြောင်းလိုင်းဖြင့် ပို့ဆောင်ကြောင်း၊ လေကြောင်လိုင်းဖြင့် ကုန်သွယ်မှုမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၆) ထရီလီယံဖြစ်ပြီး စုစုပေါင်း ကမ္ဘာ့ကုန်သွယ်မှု၏ (၃၅) ရာခိုင်နှုန်းရှိကြောင်း၊ ဥရောပသမဂ္ဂ၏ ၂၀၁၈ ခုနှစ် လေကြောင်းကုန်သွယ်မှုမှာ (၂၀) ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ခရီးသွားလာမှု (၅၀) ရာခိုင်နှုန်းမှာ လေကြောင်းဖြင့် သွားလာခြင်းဖြစ်ပြီး ခရီးသွားသူများ ပိတ်ပင်မှုကြောင့် လေ ကြောင်းလိုင်းများ ပြေးဆွဲမှုလျော့ကျမည်ဖြစ်ကြောင်း ရေးသား ဖော်ပြထားပါသည်။

တရုတ်ပြည်မကြီးရှိ စက်ရုံများပိတ်ထားမှု ကြာရှည်နေသောကြောင့် အဆိုပါစက်ရုံများမှ ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်နေရသော အခြားသောနိုင်ငံများရှိ စက်ရုံများအတွက်လည်း အခက်အခဲများရှိနိုင်ကြောင်း၊ ဆေးရုံများတွင်လည်း ဆေးဘက်ဆိုင်ရာပစ္စည်းများ လိုအပ်လျှက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နောက်ပိုင်းတွင် စီးပွားရေးပြန်လည် ကောင်းမွန်လာရန် မျှော်လင့်ထားသော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းနေမည်ဖြစ်ကြောင်း၊ တရုတ် ပြည်မကြီးရှိ စက်ရုံများထုတ်လုပ်မှုများလျင်မြန်စွာ ပြန်လည်လုပ်ကိုင်လာနိုင်သော်လည်း ဥရောပရှိ ဈေးကွက်များမှာဝယ်လိုအား လျော့နည်းနေမည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်မှုနှုန်းမှာ ဒုတိယလေးလပတ်တွင် V Shaped ပုံစံဖြင့် တိုးတက်ရန် ခန့်မှန်းထားသော်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံတို့၏ အခြေအနေများ အပေါ်စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အာရှဒေသမှဝယ်လိုအားသည် တည်ငြိမ်သည့် လက္ခဏာဖြစ်နိုင်ကြောင်း၊ စီးပွားရေးပညာရှင်များ၊ ကုန်သည်များနှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများမှာ စိန်ခေါ်မှုအသစ်များကို ကြိုတင်ခန့်မှန်းနိုင်ရန် အခက်အခဲဖြစ်နေကြောင်း၊ နယူးယောက်ရှိ လေကြောင်းကုမ္ပဏီမှ ပြောကြားရာတွင် လာမည့်ရက်သတ္တပတ် (၄) ပတ် သို့မဟုတ် (၅) ပတ်အတွင်း ခရီးသွားများ လာရောက်မှု ပိတ်ပင်ထားမှုနှင့် နိုင်ငံအများတွင် ကူးစက်ရောဂါ ကင်းရှင်းအောင် သက်မှတ်ရက်အတွင်း သီးသန့်ထားရှိခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၁၄-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “ Pandemic Reactions Set to Scupper Global Economy” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)