Japan

ကိုရိုနာတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် G - 7 နိုင်ငံခေါင်းဆောင်များအား ဂျပန်ဝန်ကြီးချုပ်တိုက်တွန်းပြောဆိုခဲ့

Last Updated:

ကမ္ဘာ့ကပ်ရောဂါအသွင် ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် G - 7 နိုင်ငံခေါင်းဆောင်များအား Video Conferencing ဖြင့် ပြုလုပ်သည့် အစည်း အဝေးတွင် ဂျပန်ဝန်ကြီးချုပ် Mr. Shinzo Abe ကတိုက် တွန်းပြောဆိုခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ဗိုင်းရပ်စ်ကာကွယ်ဆေးဝါးကို တီထွင်ထုတ်လုပ်မှုကိစ္စသည် ပထမဦးစားပေးဆောင်ရွက်ရမည့်ကိစ္စဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းသည် လူများ၏ စိုးရိမ်ပူပန်မှုများကို လျော့ချပေးနိုင်မည်ဖြစ်ပါကြောင်း Mr. Shinzo Abe က ဆိုပါသည်။

ကမ္ဘာတစ်ဝှမ်းမှ လူအများ၏ အသိဉာဏ်ပညာများကို စုစည်း၍ ကာကွယ်ဆေးဝါးတီထွင် ထုတ်လုပ်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း အလေးပေးပြောဆိုခဲ့ပါသည်။ ကိုရိုနာကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေးကျဆင်းလာမှုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စီးပွားရေးနှင့် ငွေကြေး ဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ကြရေး Mr. Abe က အဆိုပြုတောင်းဆိုချက်ကို G- 7 ခေါင်းဆောင်များက ထောက်ခံခဲ့ကြပါသည်။

G-7 နိုင်ငံခေါင်းဆောင်များအကြား ပူးတွဲကြေငြာချက်တစ်ခုကို ထုတ်ပြန်သွားရန်လည်းရှိကြောင်း၊ Tokyo Olympic နှင့် Paralympic ပြိုင်ပွဲများ ဆက်လက်ကျင်းပ မည့်အစီအစဉ်များကိုလည်း G-7 နိုင်ငံခေါင်းဆောင်များက ထောက်ခံခဲ့ကြကြောင်း Mr. Abe က ဆိုပါသည်။

ထို့အပြင် G-7 နိုင်ငံများနှင့် အခြားနိုင်ငံများ စုပေါင်းဆောင်ရွက်ကြမည်ဆိုပါက ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကိုလည်း G-7 နိုင်ငံခေါင်းဆောင်များ အကြား အတည်ပြုပြောဆိုခဲ့ကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan