China (HongKong)

ကမ္ဘာ့နိုင်ငံများအသီးသီးက စားသောက်ကုန်ပစ္စည်းများ စတင်သိုလှောင်လာခြင်းသည် ကမ္ဘာ့ ကုန်သွယ်ရေးစီးဆင်းမှုကို ခြောက်လှန့်လျှက်ရှိခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်ပျံ့နှံ့လျှက်ရှိသည့် ကာလအတွင်း အစားအစာများ လုံလောက်မှုရှိအောင် စတင်သိုလှောင်သိမ်းဆည်းမှုတွင် ကုန်ပစ္စည်း အရောင်းဆိုင်များ သာမကအချို့သော အစိုးရမှလည်း ပြည်တွင်းစားသုံးမှု ဖူလုံစွာ ဖြည့်ဆည်း ပေးနိုင်ရန် ဆောင်ရွက်လာကြောင်း၊ ကမ္ဘာ့အများဆုံး ဂျုံမှုန့်များ တင်ပို့သည့် ကာဇက်စတန် (Kazakhstan) နိုင်ငံတွင် ဂျုံမှုန့်များနှင့်အတူ ခါကြက်ဥ၊ သကြား၊ ကြက်သွန်နှင့် အာလူးအစရှိသည်တို့အား တင်ပို့မှုကို ကန့်သတ် တားမြစ်လိုက်ကြောင်း၊ ဂျုံမှုန့်များ တင်ပို့မှုအား ကန့်သတ်လိုက်သောကြောင့် ဂျုံတင်သွင်းမှုအပေါ် မှီခိုအားထားနေရသည့် ပေါင်မုန့်ပြုလုပ်မည့်ကုမ္ပဏီများအပေါ် သက်ရောက်မှုများရှိနေကြောင်း၊ ဆာဗီးယား (Serbia) နိုင်ငံမှလည်း နေကြာဆီနှင့် အခြားကုန်ပစ္စည်းများအား တင်ပို့မှုရပ်တန့်လိုက်ကြောင်း၊ မြောက်အာဖရိကသို့ ဂျုံများအဓိက တင်ပို့လျှက်ရှိသည့် ရုရှားနိုင်ငံအနေဖြင့် ကုန်ပစ္စည်းများစီးဆင်းမှုကို ရပ်တန့်လိုက်ပါက အဆိုပါဒေသများတွင် ထိခိုက်မှုများရှိနိုင်ကြောင်း၊ သို့သော် ရုရှားအနေဖြင့် ကုန်ပစ္စည်းများတင်ပို့မှုကို ယခုအချိန်ထိ တားမြစ်မှု မရှိသေးကြောင်း၊ စားသောက်ကုန်ပစ္စည်းများ တင်ပို့မှုတားမြစ်ခြင်းဖြင့် အမျိုးသား အစားအစာ ဖူလုံရေးကို ရိုက်ခတ်မှုများ၊ တန်ဖိုးကွင်းဆက် တစ်ခုလုံးနှင့် ကုန်သွယ်စီးဆင်းမှုကို ဖြတ်တောက် မှုများစတင်ခြင်း ဖြစ်နိုင်ခြင်းအတွက် မေးခွန်းတစ်ခုဖြစ်လာ ကြောင်း၊ ဗြိတိန်တွင် ဗိုင်းရပ်စ်ကူးစက်မှုနှင့် ဆက်စပ်လျှက် အွန်လိုင်းမှ ကုန်ပစ္စည်းများ အမြောက်အမြားဝယ်ယူမှုများရှိနေပြီး ခွဲတမ်းဖြင့် အချိုးကျသတ်မှတ် ဝယ်ယူမှုများရှိကြောင်း၊ လန်ဒန်မြို့တွင် ဈေးဝယ်သူများမှာ ဆိုင်ဖွင့်မည့် အချိန်အား ဆိုင်ပြင်ပလမ်းမများပေါ်တွင် စောင့်ဆိုင်း၍ ဝယ်ယူကြကြောင်း၊ အစားအစာများ လုံလောက်မှု ရှိသော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဝယ်ယူသူများ လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပစ္စည်းများ မရရှိနိုင်ခြင်းနှင့် ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားမှုအခြေအနေကို ခန့်မှန်းနိုင်ခြင်း မရှိသောကြောင့် ကုန်ပစ္စည်းများအား အထိတ်တလန့် ဝယ်ယူလာကြခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

နိုင်ငံများရှိ အစိုးရများအနေဖြင့်လည်း လိုအပ်သည့် ပစ္စည်းများဝယ်ယူရန်မှအပ ပြည်သူများအား လူစုလူဝေးများပြုလုပ်ခြင်းနှင့်  အပြင်ထွက်သွားလာခြင်းများ တားမြစ်ခြင်း၊  သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်များထုတ်ပြန်ခြင်း အစရှိသည်တို့ ပြုလုပ်လျှက်ရှိ ကြောင်းနှင့် အစားအစာဆိုင်ရာမူဝါဒ (Food Policy) အပေါ် သက်ရောက်မှုများ ရှိနိုင်ကြောင်း၊ ယခင်စစ်ဖြစ်စဉ်ကာလတွင်းက အစားအစာများကို ခွဲတမ်းဖြင့် ရောင်းချခြင်း၊ ဈေးနှုန်းထိန်းချုပ်မှု များနှင့် ကုန်ပစ္စည်းများ အရန်သိုလှောင်ထားရှိခြင်းများရှိကြောင်း၊ အချို့သော နိုင်ငံများတွင် အရန် သိုလှောင်မှုများအား နည်းဗျူဟာကျစွာ ဆောင်ရွက်လျှက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ဆန်အများဆုံး စိုက်ပျိုးပြီး စားသုံးမှုအများဆုံး ဖြစ်သောကြောင့် တစ်နှစ်စာ စားသုံးမှုလုံလောက်ရန် ဆန်နှင့်ဂျုံများကို အရန်သိုလှောင်မှုများအား အစိုးရမှ ဆောင်ရွက်ထားပြီး ဖြစ်သော်လည်း ပြည်တွင်းမှထွက်ရှိမည့် ဆန်များကို ယခင်ထက် ပိုမိုဝယ်ယူသွားမည်ဖြစ်ကြောင်း၊ ဂျုံအများဆုံး တင်သွင်းသည့် အယ်လ်ဂျီးယားနှင့် တူရကီနိုင်ငံတို့တွင် တင်ဒါအသစ်များ ခေါ်ယူလျှက်ရှိကြောင်း နှင့် မော်ရိုကိုနိုင်ငံမှလည်း ဂျုံတင်သွင်းမှုအပေါ်ကောက်ခံသည့် အခွန်အား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ လယ်အထိ ခေတ္တဆိုင်းငံ့ထားမည့်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အစိုးရများအနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်အတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် စုပေါင်း‌ဆောင်ရွက်ခြင်းများမရှိဘဲ မိမိနိုင်ငံသာလျှင် ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်နေမည်ဆိုပါက ဆိုးရွားသည့်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ ရပြီး အဆုံးသတ်သွားနိုင်ကြောင်း၊ ပြည်တွင်းကာကွယ်ရေး မူဝါဒများနှင့် အတူပစ္စည်းများအား ထိန်းမနိုင်သိမ်းမရ ဝယ်ယူနေပါက စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်သွားမည်ဖြစ်ကြောင်း၊ နောက်နှစ်အတွက် ကြိုတင်၍ အထိတ်တလန့်ဝယ်ယူ ထားလျှင် ကုန်ဈေးနှုန်းများ မြင့်တက်သွားမည်ဖြစ်ပြီး မူဝါဒချမှတ်သူများလည်း ပိုမိုထိတ်လန့်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ဆူပူအုံကြွမှုများကြောင့် ‌ပေါင်မုန့်ဈေးနှုန်းအပေါ် သက်ရောက်မှုနှင့်ပတ်သက်၍ ရှည်လျှားသည့် သမိုင်း ကြောင်းရှိခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်အတွင်း စားသောက်ကုန်ဈေးနှုန်းများ သိသာစွာ မြင့်တက်ခဲ့မှုကြောင့် အရှေ့အလယ်ပိုင်း‌ဒေသ၊ အာရှနှင့် အာဖရိကဒေသတို့ရှိ နိုင်ငံပေါင်း (၃၀) ကျော်တို့တွင် အစာရေစာ အဓိကရုဏ်းများဖြစ်ပွားခဲ့ကြောင်း၊ စားသောက်ကုန် ပစ္စည်းများ တင်သွင်းမှုမရှိလျှင် လူ့အသိုက်အဝန်းသည်လည်း ယိုယွင်းသွားနိုင်ကြောင်း၊ ယခင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအရ ပြောင်း၊ ဂျုံ၊ ပဲပုပ်စေ့ နှင့် ဆန်တို့မှာ လုံလောက်မှုရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ အဆိုပါ ကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ ယခုလက်ရှိ အခြေအနေတွင်လည်း မြင့်တက် နိုင်ခြေရှိမည်ဟု မျှော်လင့်မထားကြောင်း၊ ၂၀၁၀ ခုနှစ်က ရုရှားနိုင်ငံတွင် အပူလှိုင်းဖြတ်သွား သောကြောင့် သီးနှံများပျက်စီးခဲ့သဖြင့် ဂျုံတင်ပို့မှုအား ကန့်သတ်တားမြစ်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ကမ္ဘာပေါ်တွင် အစာရေစာ ပေါများသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အမှန်တစ်ကယ်လိုအပ်သည့် နေရာတွင်မရရှိနိုင်ကြောင်း၊ အမေရိကန်နိုင်ငံမှ ကိုက်လန်၊ အာလူးကြော်၊ Oreos အမှတ်တံဆိပ်ကွတ်ကီးများနှင့် ဆန်အစားထိုး ချက်စား၍ရ သော Quinoa များ တင်ပို့မှု ရပ်တန့်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ အသားမှာယူမှုများလျှက်ရှိကြောင်း အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် Cargill ကုမ္ပဏီမှ ပြောကြားခဲ့ကြောင်း၊ အချို့သောနေရာ များတွင် ကန့်သတ်မှုများ ကြာရှည်မှုမရှိနိုင်ကြောင်း၊ ကုန်ပစ္စည်းများအား ဆိုင်များ၏အရောင်း ကောင်တာစင်များပေါ်တွင် ဝယ်ယူသူများတွေ့ပါက သိုလှောင်ရန် ဝယ်ယူခြင်းများ မရှိနိုင် ကြောင်း၊ ရုရှားနိုင်ငံ၏ အစားအစာနှင့် ကုန်ပစ္စည်း မျိုးစုံရောင်းချသည့် အကြီးဆုံးဆိုင်ဖြစ်သည့် X5 လက်လီဆိုင်တွင် အဓိက စားသောက်ကုန်များ ရောင်းချရမှုမှာ စတင်တည်ငြိမ်မှု ရှိလာပြီဖြစ်ကြောင်း၊  အမေရိကန်၏ အဓိကစတိုးဆိုင်ဖြစ်သည့် Walmart တွင် ဝန်ထမ်းများ ကုန်ပစ္စည်းများ ပြန်လည်စုဆောင်း၍ ဆိုင်တွင် ဖြည့်တင်းထားနိုင်ရန် ဆိုင်ဖွင့်ချိန်အား လျှော့ချခဲ့ကြောင်း၊ သို့သော် အချို့သော စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ အထိတ်တလန့် ဝယ်ယူမှုကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊ ချီကာဂိုတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း ဝယ်ယူသူ များပြားသောကြောင့် ဂျုံဈေးနှုန်း (၆) ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း၊ အမေရိကန်၏ အမဲသားလက်ကားရောင်းချမှုမှာ ၂၀၁၅ ခုနှစ်မှ စတင်၍ အမြင့်ဆုံးဖြစ်ခဲ့ပြီး ကြက်ဥဈေးနှုန်းမှာ လည်းမြင့်မားခဲ့ကြောင်း၊ အမေရိကန်ငွေကြေး မြင့်တက်လျှင် အခြားသောနိုင်ငံများ၏ နိုင်ငံခြားကုန်ပစ္စည်းများ ဝယ်ယူနိုင်စွမ်းအားများ လျော့ကျသွားနိုင်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် အများဆုံး ထိခိုက်မှုရှိနိုင်ကြောင်း ၂၅-၃-၂၀၂၀ ရက်နေ့ထုတ် Bloomberg သတင်းစာ၌ “Countries Are Starting to Hoard Food, Threatening Global Trade” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)