China(Nanning)

ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ကုန်စည်ထောက်ပံ့ရောင်းချနိုင်မှုမပြတ်စေရန် လုပ်ငန်းများ ပြန်လည်စတင်ကြရေး တရုတ်သမ္မတ အလေးအနက်ပြောကြား

Last Updated:

တရုတ်နိုင်ငံအတွင်း ကိုရိုနာကူးစက်ရောဂါကပ်ဘေးကြောင့် ဖေဖော်ဝါရီလ (၁၃) ရက်နေ့အထိ ကူးစက်ခံထားရသူဉီးရေ (၆၅၀၀၀) နီးပါးနှင့် သေဆုံးသူဉီးရေ  (၁၅၀၀) နီးပါး ရှိသွားခဲ့ပြီဖြစ်ပါသည်။ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျင်းပခဲ့သည့် တရုတ် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအစည်းအဝေး၌ သမ္မတရှီက ရောဂါ ထိန်းချုပ်ရေး အားထုတ်ကြိုးပမ်းနေမှုများနှင့် ရောဂါကူးစက်ပျံ့နှံ့နေသောအနေအထားတို့မှာ အပြုသဘောဆောင်သည့် တိုးတက်မှုအချို့ရရှိနေကြောင်း၊ အထူးသဖြင့် ကပ်ရောဂါ အပြင်းထန်ဆုံး သက်ရောက်နေသည့်နေရာများတွင် ရောဂါထိန်းချုပ်ရေး ကြိုးပမ်းမှုများကို ဆက်လက်အားထုတ်ကြိုးပမ်းရမည်ဖြစ်ပြီး ဒေသ အာဏာပိုင်များအနေဖြင့် ပိုမိုခိုင်မာစွာ၊ ပိုမိုဂရုစိုက်စွာဖြင့် ပိုမိုအကောင်အထည်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ကပ်ရောဂါဘေး တိုက်ဖျက်ရေးအပြင် ယခုနှစ် လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၏ လျာထားချက်များ ပြည့်မီစေရန်  ပိုမိုအားထုတ်ကြိုးပမ်းသွားကြရန်ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့ပါသည်။

ကူးစက်ရောဂါကပ်ဘေးဖြစ်ပွားနေခြင်းကို အားလုံးပူးပေါင်း ပါဝင်တိုက်ဖျက်နေကြစဉ်အတောအတွင်း နေ့စဉ်လိုအပ်လျက်ရှိသောကုန်စည်များနှင့် ဆေးဝါးဆိုင်ရာ ပစ္စည်းများကို လုံလောက်စွာထောက်ပံ့ပေးနိုင်စေရန် လုပ်ငန်းများကို ပြန်လည်စတင်ကြရန် အမျိုးသားကောင်စီထိပ်သီးအရာရှိများအစည်းအဝေး၌ တရုတ်ဒုတိယ သမ္မတ Li Keqiang က အလေးအနက်ပြောကြားခဲ့သည်။ လိုအပ်ချက်လျင်မြန်စွာမြင့်မားလာသော အဓိကဆေးဝါးပစ္စည်း ထောက်ပံ့မှုများနှင့် နေ့စဉ်လူသုံးကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ချောမွေ့စွာစတင်နိုင်ရန်နှင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့တွင် ခိုင်မာစွာဆောင်ရွက်နိုင် ရန် အစိုးရနှင့်ဌာနများအားလုံးတို့က အဆင့်တိုင်း၌ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း၊  ယခုနှစ်သည် တရုတ် နိုင်ငံ၏ (၁၃) ကြိမ်မြောက် (၅) နှစ် စီမံကိန်း (၂၀၁၆- ၂၀၂၀) နှင့် ကဏ္ဍအားလုံးတို့တွင် အလယ်အလတ် ကြွယ်ဝသောလူမှုအသိုက်အဝန်းတည်ဆောက်ရန် တရုတ်၏ အားထုတ်ကြိုးပမ်းမှုများကို အပြီးသတ်ဆောင်ရွက်မည့်နှစ်ဖြစ်ကြောင်း၊ ထို့ကြောင့် ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများကို အနည်းဆုံးဖြစ်စေရန်နှင့် တည်ငြိမ်သော စီးပွားရေး ဆောင်ရွက်ချက်များ၊ လူမှုရေး ဟန်ချက်ညီမှုနှင့် တည်ငြိမ်မှုတို့ကို ထိန်းသိမ်းထားနိုင်ရန် ဒေသအာဏာပိုင်များက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရည် အသွေးမြင့် ဖွံ့ဖြိုးရေးနှင့်စားသုံးသူဝန်ဆောင်မှုများတိုးချဲ့ရေး၊ ကုန်စည်စားသုံးမှုများ မြှင့်တင်ရေးနှင့် ပေါ်ထွန်းလာသော စားသုံးမှုကဏ္ဍများ၏ အလားအလာများကို ဖော်ထုတ်ရေးတို့အား မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစည်းအဝေးပြီးနောက် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အစည်းအဝေးတွင် အထူးသဖြင့် ယခုနှစ်အတွက် လျာထားသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေး ရည်ရွယ်ချက်များကို ပြည့်မီစေရန်နှင့် ရောဂါထိန်းချုပ်ရေးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို အဓိကထားဆွေးနွေးခဲ့ကြပါသည်။ ရည်မှန်းချက်ထားသော အခွန်အခလျှော့ချမှုများ ပိုမိုပြုလုပ်သွားရေး အရေးကြီးပုံနှင့် လုပ်ငန်းများသို့ ဘဏ္ဍာရေးဝန်ဆောင်ပေးမှုများကို မြှင့်တင်ရန် ပိုမိုလုပ်သာကိုင်သာရှိသော အမျော်အမြင်ရှိသော ဘဏ္ဍာရေးမူဝါဒချမှတ်ပေးရန် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်ဟု သိရပါသည်။ ၎င်းအစည်းအဝေးတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည့် မေခရိုမူဝါဒ လုပ်ထုံးလုပ်နည်းများ၏ အရေးပါပုံနှင့် ကပ်ရောဂါ၏ ဆိုးကျိုး သက်ရောက်မှုများမှ ခြုံငုံမိစေရန် စီမံဆောင်ရွက်ရမည့် မူဝါဒများအား မီးမောင်းထိုးပြသခဲ့ပါသည်။

ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပစ္စည်းများကို ထုတ်လုပ်သူများအား ပိုမိုနည်းပါးသောအတိုးနှုန်းဖြင့် ချေးငွေများထုတ်ပေးသွားမည်ဖြစ်ပါသည်။ ကပ်ရောဂါ ရိုက်ခတ်ခြင်းခံရသည့် ဒေသများ၊ ကဏ္ဍများနှင့် လုပ်ငန်းများသို့ အစိုးရက ဘဏ္ဍာရေး ဝန်ဆောင်မှုအမျိုးမျိုးကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အလုပ်အကိုင်ပထမမူဝါဒကို ပိုမိုအရှိန်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လုပ်ငန်းများအတွက် ဘဏ္ဍာရေး၊အခွန်၊ ဘဏ္ဍာရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အာမခံမူဝါဒများကို အကောင်းဆုံးဖြစ်စေရန် တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

နိုင်ငံခြားကုန်ထုတ်လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုပြန်လည်စတင်ရေးအရှိန်မြှင့်တင်ရန် ပံ့ပိုးကူညီမှုများ လက်ခံရရှိလိမ့်မည်ဖြစ်ပြီး၊  ကုန်သွယ်မှုငွေကြေး ထောက်ပံ့ခြင်းနှင့် ပို့ကုန်ချေးငွေအာမခံတို့တွင် အကူအညီအထောက်အပံ့များကို အာဏာပိုင် များက ပိုမိုပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ဆေးဝါးဆိုင်ရာ ရင်းမြစ်များ လိုအပ်ချက်ကို ဖြေရှင်းရန်၊ ၎င်းပစ္စည်းများ ထုတ်လုပ်မှုကို ပြန်လည်စတင်ရန်နှင့် ထုတ်လုပ်မှုတိုးချဲ့ရန် လုပ်ငန်းများကို အားပေးလျက်ရှိပြီး လိုအပ်သော လုပ်သား၊ ကိရိယာတန်ဆာ ပလာ၊ ရန်ပုံငွေနှင့် ရင်းမြစ်များကို အစိုးရဘက်မှ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် နေ့စဉ်စားသောက်ကုန်နှင့် လူသုံးကုန်များကို လုံလောက်စွာထောက်ပံ့နိုင်ရန် ဒေသအာဏာပိုင်များက မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် တိရိစ္ဆာန်အစာများစသည့် အဓိက စိုက်ပျိုးရေးသုံးပစ္စည်းများကို လုံလောက်စွာ ထောက်ပံ့ပေးသွားရန်နှင့် စိုက်ပျိုးရေးဆိုင်ရာကုန်စည် ထုတ်လုပ်မှုအခြေခံအုတ်မြစ်ကို ခိုင်မာစွာဆောင်ရွက်သွားကြရန် သမ္မတက တိုက်တွန်းထားပါသည်။

ကိုရိုနာကူးစက်ကပ်ရောဂါကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးသာမက ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးနှင့် ထုတ်လုပ်မှုကွင်းဆက်တွင်လည်း ထိခိုက်မှုကြီးစွာဖြစ်ပေါ်နေလျက်ရှိပါသည်။ အထူးသဖြင့် (၂၀၀၃)ခုနှစ်ဝန်းကျင်မှစ၍ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ကွင်းဆက် တွင် တရုတ်နိုင်ငံက အရေးပါသောနိုင်ငံအဖြစ်ပါဝင်လာခဲ့ရာ ထုတ်လုပ်မှုများ ပြန်လည်စတင်နိုင်ခြင်းမရှိပါက အလွန်အခက်တွေ့မည့်အခြေအနေဖြစ်နေပါသည်။ ထိုကဲ့သို့သော အခြေအနေ ဆက်လက်ကြာမြင့်နေပါက ကမ္ဘာ့စီးပွားရေးအပေါ် ကြီးစွာ ထိခိုက်လာနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု Federal Reserve မှ ဉက္ကဌ Jerome Powellက ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် သတိပေးပြောကြားခဲ့ပါသည်။ 

လက်ရှိအချိန်၌ တရုတ်နိုင်ငံမှ စက်ပစ္စည်းများ ရောက်ရှိမလာသဖြင့် ဂျပန်နိုင်ငံ၊ ကျူးရှူးရှိ နစ်ဆန်း မော်တော်ယာဉ်စက်ရုံကို ပိတ်ထားရပါသည်။ အခြား မော်တော် ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော အီတလီရှိ Fiat Chryslerနှင့် တောင်ကိုရီးယား ရှိ Hyundai တို့ကလည်း ၎င်းတို့၏ နိုင်ငံများတွင် ထုတ်လုပ်မှု လျော့ကျ စေရန် တွန်းအားပေးနိုင်ကြောင်း သတိပေးပြောကြားထားပါသည်။ ထို့ပြင် ကပ်ရောဂါဖြစ်ပွားနေချိန်တွင် တရုတ်၏ နေ့စဉ်ရေနံဝယ်လိုအား စည်ပေါင်း (၂) သန်းမှ (၃) သန်းကြား လျော့ကျသွားသဖြင့် ရေနံနှင့် စွမ်းအင်ကဏ္ဍအပေါ်များစွာ သက်ရောက်မှုဖြစ်ပေါ်စေလျက်ရှိပါသည်။

ကပ်ရောဂါကြောင့် တရုတ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၈) နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း၊ စားသုံးသူဈေးနှုန်းဖောင်းပွမှုမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ လက (၄.၅) ရာခိုင်နှုန်းရှိခဲ့ရာမှ၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း (၅.၄) ရာခိုင်နှုန်း ရှိလာခဲ့ကြောင်း တရုတ်အစိုးရက ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ အထူးသဖြင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဝက်သားဈေးနှုန်းမှာ ယခင်အာဖရိက ဝက်တုပ်ကွေးဖြစ်ပွားချိန်ကထက်ပင် (၂) ဆ မြင့်တက်လာခဲ့ပါသည်။

တရုတ်နိုင်ငံ၏ အကြီးမားဆုံး e-Commerce လုပ်ငန်းကြီးဖြစ်သည့် JD.com က ကပ်ရောဂါဘေးကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများကို ကူညီသောအားဖြင့် မိမိ၏ လုပ်ငန်းတွင်  အလုပ်နေရာသစ်ပေါင်း နှစ်သောင်းကျော်ကို ယာယီဖန်တီး ပေးသွားမည်ဟုသိရပါသည်။ အလားတူပင် နောက်ထပ် e-Commerce လုပ်ငန်းကြီး ဖြစ် သည့် Alibaba ကလည်း ယာယီအလုပ်အကိုင်များဖန်တီးပေးသွားမည်ဟု ကြေငြာခဲ့ပါသည်။ ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ကျန်းမာရေးလုပ်ငန်းသုံး အကာ အကွယ်ပစ္စည်းများကို ထုတ်လုပ်သည့်လုပ်ငန်း (၇၃) ခုတို့ လုပ်ငန်းပြန်လည်စတင်ခဲ့သည်ဟု သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ် ၊ ဆင်ဟွာ (၁၂-၂-၂၀၂၀)၊ CNN (၁၂-၂-၂၀၂၀) နှင့် China Daily (၁၃-၂-၂၀၂၀)

Category: China(Nanning)