China(Nanning)

ကပ်ရောဂါကာလအတွင်း ဝယ်လိုအားမြင့်မားနေသည့် နှာခေါင်းစည်းများ ထုတ်လုပ်မှု

Last Updated:

၂၀၂၀ ခုနှစ်၊ ပထမ (၂)လအတွင်း တရုတ်နိုင်ငံ၌ ကပ်ရောဂါ အလွန်လျင်မြန်စွာ ပျံ့နှံ့ ဖြစ်ပွားခဲ့သော်လည်း အောက်ဖော်ပြပါ ဆောင်ရွက်မှု (၅)ရပ်ဖြင့် ကပ်ရောဂါအား ထိန်းချုပ်နိုင်ခဲ့သည်ကို လေးစားဖွယ်တွေ့မြင်ခဲ့ရပါသည် - 

(၁)     ရောဂါပျံ့နှံ့မှုကို အမြန်ဆုံးတားဆီးနိုင်ရန် ဟူပေပြည်နယ်အား အခြား ပြည်နယ်များနှင့် ကူးလူးသွားလာခြင်းမှ ငြိမ်းချမ်းစွာ သီးခြားထားနိုင်ခဲ့ခြင်း

(၂)     အလွတ်တကူအသုံးပြုနိုင်သည့် ပစ္စည်းများဖြင့် ရက်အနည်းငယ်အတွင်း ဆေးရုံများကို တည်ဆောက်နိုင်ခဲ့ခြင်း

(၃)     ရောဂါတိုက်ဖျက်ရာတွင် ပါဝင်ကြသည့် စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးပံ့ပိုးမှုများကို လျင်မြန်စွာ ပေးနိုင်ခဲ့ခြင်း

(၄)     ရောဂါတိုက်ဖျက်ရေး၊ လူမှုအသိုက်အဝန်းနှင့် စီးပွားရေးတို့တွင် အဆင့်မြင့် နည်းပညာရှိသော ကုမ္ပဏီများက ဆန်းသစ်တီထွင်သော နည်းလမ်းများ ဖန်တီး ပေးနိုင်ခဲ့ခြင်း

(၅)     ဝယ်လိုအား အလွန်များပြားသော နှာခေါင်းစည်းများနှင့် အခြားလိုအပ်သော ဆေးဝါးဆိုင်ရာအထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်းပေးရန် လုပ်ငန်း ကဏ္ဍအသီးသီးမှ တရုတ်ကော်ပိုရိတ်လုပ်ငန်းများက လူမှုရေးဆိုင်ရာ တာဝန်သိစွာဖြင့်  ပူးပေါင်းပါဝင်ပေးခဲ့ကြခြင်း

၎င်းကာလများအတွင်း China National Offshore Oil Corp (CNOCC)နှင့် China Petrochemical Corp တို့က လိုအပ်နေသော ကုန်ကြမ်းများ ဖြစ်ကြသည့် Polyethylene၊ Polypropyleneနှင့် medical-grade synthetic resin များကို ပိုမိုထုတ်လုပ်ပေး ခဲ့ကြပါသည်။ ကုန်ကြမ်းများကို လုံလောက်စွာရရှိသောကြောင့် တရုတ်နိုင်ငံတွင် နှာခေါင်းစည်းများထုတ်လုပ်သည့်လုပ်ငန်းသစ်ပေါင်း (၃၀၀၀) တည်ထောင်လာသည်ကို တွေ့ရပြီး ကာလလတ်နှင့် ရေရှည် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ထုတ်ပြန်ချက် အရ ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် တရုတ်နိုင်ငံ၏ နေ့စဉ်နှာခေါင်းစည်း ထုတ်လုပ်မှုမှာ အခုရေ (၁၁၆) သန်းရှိပြီး၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကထက် (၁၁၀) ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပါသည်။ N95 အမျိုးအစားနှာခေါင်းစည်း ထုတ်လုပ်မှုမှာ တစ်နေ့လျှင် အခုရေ (၁.၆၆) သန်းရှိသည်ဟု သိရပါသည်။

Tiayancha ၏ စာရင်းများအရ တရုတ်နိုင်ငံအရှေ့ဘက် ရှန်တုန်းပြည်နယ်၌ နှာခေါင်းစည်းထုတ်လုပ်သူပေါင်း (၁၀၉၄) ဉီးရှိပြီး နေ့စဉ်နှာခေါင်းစည်းအခုရေ (၂) သန်းကို  ထုတ်လုပ်ပေးလျက်ရှိပါသည်။ ၎င်းပြည်နယ်ပြီးနောက် ကျင်းစုပြည်နယ်တွင် ထုတ်လုပ်သူ (၄၉၄)ဉီး၊ ကျဲ့ကျန်းပြည်နယ်တွင် ထုတ်လုပ်သူ (၄၆၀)ဉီး၊ ဟောပေပြည်နယ်တွင်  ထုတ်လုပ်သူ (၄၄၇)ဉီး၊ အန်းဝေပြည်နယ်တွင် ထုတ်လုပ်သူ (၃၈၁)ဉီး၊ ဟဲနန်ပြည်နယ်တွင် ထုတ်လုပ်သူ (၂၆၁)ဉီး၊ ကွမ်တုန်းပြည်နယ်တွင် ထုတ်လုပ်သူ (၁၉၈)ဉီး၊ ဟူပေပြည်နယ်တွင် ထုတ်လုပ်သူ (၁၉၆)ဉီး၊ ကျန်းရှီးပြည်နယ်တွင် ထုတ်လုပ်သူ (၆၃)ဉီး၊ ရှန်ဟိုင်းတွင် ထုတ်လုပ်သူ (၄၇)ဉီးရှိသည်ကို တွေ့ရပါသည်။

ယခုနောက်ပိုင်း၌ ဆေးဝါးဆိုင်ရာပစ္စည်းများကို ထုတ်လုပ်လေ့မရှိသော လုပ်ငန်း များကလည်း နှာခေါင်းစည်းများနှင့် ကုသရေးပစ္စည်းများ ထုတ်လုပ်လာသည်ကို တွေ့ရ ပါသည်။ ဖေဖော်ဝါရီလ (၈)ရက်နေ့၌ ရှန်းကျန့်အခြေစိုက် ကားထုတ်လုပ်သော BYD က ၎င်းထုတ်လုပ်သည့်ကုန်ပစ္စည်းများတွင် နှာခေါင်းစည်းများနှင့် ရောဂါတားဆီးကာကွယ်ရေး ပစ္စည်းများကိုပါ ထည့်သွင်းမည်ဟု ထုတ်ပြန်ကြေငြာခဲ့ကာ မတ်လကုန်၌ တစ်နေ့လျှင် နှာခေါင်းစည်း(၁)သန်းခန့် ထုတ်လုပ်နိုင်မည်ဟု သိရပါသည်။ အလားတူပင် ရှန်ဟိုင်းအခြေစိုက် အတွင်းခံအထည်များထုတ်လုပ်သည့် Threegun Groupကလည်း တစ်မိနစ် လျှင် အခုရေ (၁၀၀၀) ထုတ်လုပ်နိုင် သည့်စက်များ တပ်ဆင်သွားကာ၊ တစ်နေ့လျှင် နှာခေါင်းစည်း(၅)သန်း ထုတ်လုပ်သွားမည်ဟု သိရပါသည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ နှာခေါင်းစည်းများထုတ်လုပ်သောပမာဏမှာ တန်ဖိုး အားဖြင့် ယွမ်ငွေ (၁၃.၂) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ)ကို ကျော်လွန် သွားဖွယ်ရှိကာ ၂၀၁၉ ခုနှစ်က ထုတ်လုပ်ခဲ့သော တန်ဖိုး ယွမ်ငွေ (၁၀.၂) ဘီလီယံထက် (၂၈) ရာခိုင်နှုန်း ပိုမိုမည်ဖြစ်ပါသည်။  ယေဘုယျအားဖြင့် တရုတ်နိုင်ငံ၏ နှာခေါင်းစည်း ထုတ်လုပ်မှုသည် ပြီးခဲ့သည့်(၅)နှစ်အတွင်း နှစ်စဉ် (၁၃)ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကို တွေ့ရပါသည်။

တရုတ်အထည်အလိပ်ကူးသန်းရောင်းဝယ်ရေးအသင်းမှ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ နှာခေါင်းစည်းလိုအပ်ချက်သည် ၂၀၁၁ ခုနှစ်တွင် အခုရေ (၁)ဘီလီယံ ရှိခဲ့ ရာမှ ၂၀၁၈ ခုနှစ်တွင် အခုရေ (၄)ဘီလီယံထိရှိလာပါသည်။  ဒုတိယနှင့် တတိယအဆင့် မြို့များတွင်ပင် လုပ်သားဉီးရေ သန်း (၅၃၀)ခန့် ရှိပြီး နေ့စဉ်အနည်းဆုံး နှာခေါင်းစည်း တစ်ခု အသုံးပြုရန်လိုအပ်မည်ဖြစ်သဖြင့် လိုအပ်ချက်ဆက်လက်မြင့်မားနေမည်ဖြစ် ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၆-၃-၂၀၂၀)

Category: China(Nanning)