Local News

မြန်မာနိုင်ငံနှင့်နီပေါနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

ကတ္တမန္ဒူး     နိုဝင်ဘာ ၃၀

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်၊ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာကေပီ၊ ရှာမာ အိုလီနှင့် ကတ္တမန္ဒူးမြို့ရှိ Hotel Annapurna ၌ သီးသန့်တွေ့ဆုံပြီးနောက် မြန်မာ-နီပေါ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နီပေါနိုင်ငံဝန်ကြီးချုပ်အနေဖြင့် နှစ်ဖက် အဆင်ပြေမည့်အချိန်တွင် မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်နိုင်ရေး ဖိတ်ကြားခဲ့သည်။

နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ပီ၊ရှာမာ အိုလီ တို့သည် အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပသည့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ ရှေ့မှောက်၌ “မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Pradeep Kumar Gyawali တို့က လက်မှတ်ရေးထိုကြပြီး အပြန်အလှန် လဲလှယ်ကြကြောင်းသတင်းရရှိသည်။

ကိုထက်(myantrade)

Category: Local News