International News

ဩစတေးလျနိုင်ငံ၏ ကုမ္ပဏီ(၄)ခုမှ တရုတ်နိုင်ငံသို့ အမဲသားတင်သွင်းမှု ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ခြင်း

Last Updated:

ဩစတေးလျနိုင်ငံရှိ ကုမ္ပဏီ(၄)ခုမှ တရုတ်နိုင်ငံသို့ တင်သွင်းခဲ့သည့် အမဲသားများသည် တရုတ်နှင့် ဩစတေးလျနိုင်ငံတို့အကြား သဘောတူညီခဲ့ပြီးဖြစ်သည့် အမဲသားတင်သွင်းရာတွင် ကိုက်ညီရန် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာအချက်များနှင့် ကိုက်ညီခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် အဆိုပါ ကုမ္ပဏီများမှ အမဲသားတင်သွင်းမှုကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်ဟု တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ Zhao Lijian မှ ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် အပြန်အလှန်လေးစားမှုနှင့် သာတူညီမျှရှိမှုတို့အား အခြေခံ၍ ခင်မင်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၊ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် ဩစတေးလျ ကုမ္ပဏီများမှ တင်သွင်းခဲ့သည့် အမဲသားများအား စစ်ဆေးခဲ့ရာတွင် နှစ်နိုင်ငံအကြား သဘောတူညီပြီးဖြစ်သည့် စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ သို့ဖြစ်ရာ တရုတ်နိုင်ငံရှိ စားသုံးသူများ၏ ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှုအပေါ် အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ အမဲသားတင်သွင်းမှုကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဩစတေးလျအာဏာပိုင်များအား ဆုံးဖြတ်ချက်ကို အသိပေးထားပြီးဖြစ်ပြီး ဩစတေးလျနိုင်ငံအနေဖြင့် ပြဿနာအား စုံစမ်းစစ်ဆေးမှုများ သေချာစွာ ဆောင်ရွက်ပြီး မှားယွင်းမှုများအား ပြင်ဆင်သွားရန် လိုအပ်သည်ဟု ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

ရင်းမြစ်: (၁၃.၅.၂၀၂၀)ရက်နေ့ထုတ် China Daily သတင်းစာ

( မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: International News