International News

အိန္ဒိယနိုင်ငံ၌ ပြည်ပကုန်သွယ်ရေးမူဝါဒအား သက်တမ်း ၁ နှစ်တိုးမြှင့်မည်

Last Updated:

အိန္ဒိယနိုင်ငံ၌ ချမှတ်ဆောင်ရွက်လျက်ရှိသည့် ၅ နှစ်ကာလ ပြည်ပကုန်သွယ်ရေးမူဝါဒ သည် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် သတ်မှတ်လုပ်ငန်းကာလ ကုန်ဆုံးပြီဖြစ်ပါသည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ရောဂါပိုးကူး စက်မှုမှ တားဆီးကာကွယ်ရန် နိုင်ငံတစ်ဝန်း ဆက်သွယ်သွားလာမှုများအား တားမြစ်ကန့်သတ်ထားရသည့်အချိန်၌ မူဝါဒအသစ်ချမှတ်ခြင်းမပြုပဲ လက်ရှိဆောင်ရွက်နေသော ၂၀၁၅-၂၀၂၀ ပြည်ပကုန်သွယ်ရေး မူဝါဒကို ၃၁.၃.၂၀၂၁ ရက်နေ့အထိ သက်တမ်း ၁ နှစ်တိုးမြှင့်မည်ဖြစ်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၅၇/၂၀၁၅-၂၀၂၀ ဖြင့် ၃၁.၃.၂၀၂၀ ရက်နေ့၌ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအမိန့်ကြော်ငြာစာအရ အကောက်ခွန်လွတ် သွင်းကုန်ခွင့်ပြုမှုအစီအစဉ် (Duty Free Import Authorisation - DFIA) နှင့် ပို့ကုန်မြှင့်တင်ရေးအတွက် မတည် ပစ္စည်းများ တင်သွင်းမှုအစီအစဉ် (Export Promotion Capital Goods - EPCG) တို့အပါအဝင် ပို့ကုန်နှင့်ချိတ်ဆက်လုပ်ဆောင်သည့် သွင်းကုန်လုပ်ငန်းများအား နောက်ထပ်တစ်နှစ် ဆက်လက်ဆောင်ရွက် ခွင့်ပြုမည်ဖြစ်သည်။

သို့ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့် EPCG အစီအစဉ်အောက်၌ ပို့ကုန်တိုးမြှင့်တင်ပို့မှုမှ နည်းပညာအဆင့်မြှင့်တင် ဆောင်ရွက်မှုများအတွက် မတည်ပစ္စည်းများအား တင်သွင်းရာတွင် တန်ဖိုးပမာဏတစ်ခုအထိ သွင်းကုန်ခွန် သုညရာခိုင်နှုန်း ကင်းလွတ်ခွင့်ကိုလည်းကောင်း၊ DFIA အစီအစဉ်အရ သတ်မှတ်ထားသည့် ကုန်စည်များ အပေါ် သွင်းကုန်ခွန်လျော့ပေါ့သက်သာခွင့်ကို လည်းကောင်း၊ ပြည်ပပို့ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရန် ပြည်တွင်းသို့တင်သွင်းသည့် သွင်းအားစုများအပေါ် အကောက်ခွန်သက်သာခွင့်ကိုလည်းကောင်း ဆက်လက်ခံစားရရှိနိုင်မည်ဖြစ် ကြောင်း သိရှိရသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Government extends foreign trade policy by one year, 1 Apr 2020, Economic Times

Category: International News